တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ရွာတွင် နေရာယူထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက သွားရောက်တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ပြောဆိုချက်နှင့် မြိတ်ခရိုင်တပ်ရင်း (၂) ၏ ထုတ်ပြန်ချက်တို့ အရ သိရသည်။
ခြောက်မိုင်ရွာ ဘုန်းကြီးကျောင်းတွင် နေရာယူထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက မတ်လ ၄ ရက် ညနေ ၃နာရီခွဲခန့်တွင် သွားရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း (၂) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တိုက်ပွဲတွင် စစ်အာဏာရှင်တပ်က အရာရှိအပါအဝင် လေးဦးသေဆုံးပြီး တော်လှန်ရေးတပ်ဘက်က သုံးဦး ဒဏ်ရာရကြောင်း ဖော်ပြသည်။
စစ်အာဏာရှင်တပ်ထံမှ သေနတ်နှစ်လက်ကိုလည်း သိမ်းဆည်းရရှိကြောင်း ထုတ်ပြန်ချက်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားကို တွေ့ရသည်။
စစ်အာဏာရှင်တပ်ဘက်က သေဆုံးမှုနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
စစ်အာဏာရှင်တပ်သားများသည် မတ်လ ၄ရက် နံနက်ပိုင်းတွင် ညောင်ပင်ကွင်းရွာအခြေစိုက် ၅၆၁ ခြေမြန်တပ်ရင်းမှ ထွက်လာပြီး ခြောက်မိုင်ရွာဘုန်းကြီးကျောင်းတွင် နေရာယူထားစဥ် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင် အမှတ် (၂) တပ်ရင်း၏ ရဲဘော်တစ်ဦးက ဆိုသည်။
“ခြောက်မိုင်ကို မနေ့ မနက်ကမှ ရောက်လာတယ်။ (တိုက်ပွဲဖြစ်ပြီးနောက်) ပြန်ဆုတ်သွားတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါတိုက်ပွဲကို မြိတ်ခရိုင် အမှတ် (၂) တပ်ရင်းနှင့် မြိတ်ခရိုင်အမှတ် (၃) တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တိုက်ပွဲဖြစ်ပွားနေစဥ် စစ်အာဏာရှင်တပ် ခမရ ၅၆၁ က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
မတ်လ ၅ ရက်တွင် တော်လှန်ရေးတပ်များဘက်က နယ်မြေရှင်းလင်းနေချိန် စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း (၂) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။







