ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်က မင်းပြင်ရွာကို ဒရုန်းဖြင့် ဗုံးချသဖြင့် ဒေသခံတစ်ဦးသေဆုံး

February 6, 2026

ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချသဖြင့် ‌ဒေသခံအမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၆ရက် နံနက် ၈နာရီခွဲတွင် မင်းပြင်ရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်ရှိ နေအိမ်တစ်‌ဆောင်ကို ဒရုန်းဖြင့် ဗုံးသီးနှစ်ကြိမ်ချကြောင်း ဒေသခံတစ်ဦးက ပြောသည်။

နေအိမ်ကို ဒရုန်းဖြင့် ဗုံးချစဥ် ပထမအကြိမ်တွင် ဗုံးပေါက်ကွဲပြီး အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။

ဒုတိယအကြိမ်တွင်မူ ဗုံးမပေါက်ကွဲကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။

ဒဏ်ရာရရှိသည့်အမျိုးသားကို ဆေးရုံသို့ ပို့ဆောင်စဥ် လမ်းတွင် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

“ဘုန်းကြီးကျောင်းဝင်တဲ့ လမ်းမှာအိမ်တွေရှိတယ်။ အိမ်‌ပေါ်ကို နှစ်ခါချတယ်။ တစ်ကြိမ် ကွဲတယ်။ မျက်လုံးရော၊ ခြေတွေရော ထိသွားလို့ ဆေးရုံကိုသွားပို့ပေးတာ ၁၀ နာရီလောက် လမ်းမှာပဲ ဆုံးသွားတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။

မင်းပြင်ရွာတွင် ဒေသခံများသည် တိုက်ပွဲမဖြစ်ပွားသည့် အချိန်အခါမျိုးတွင် ရွာထဲတွင် နေထိုင်ကြပြီး တိုက်ပွဲဖြစ်လျှင် ပြောင်းရွေ့၍ နေထိုင်ကြကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့တွင်မူ ထိတွေ့တိုက်ပွဲ တစ်စုံတစ်ရာမရှိဘဲ ဒရုန်းဖြင့် ဗုံးချခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ပလမြို့ဝန်းကျင်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သည့် ဒရုန်းဖြင့် ဗုံးချသလို ကင်းထောက်ဒရုန်းများလည်း ပျံဝဲနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

“အခုနောက်ပိုင်း ဒရုန်းတွေက အမြင့်ကနေ ပျံလာတော့ အသံသိပ်မကြားရဘူး။ (မင်းပြင်ရွာ) အဲဒီနေရာကိုက ဒရုန်းနဲ့ (စစ်အာဏာရှင်တပ်က) အမြဲတမ်းချနေတဲ့ နေရာဖြစ်တယ်။ အခုလည်း ထပ်ရှောင်နေရပြန်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

စစ်အာဏာရှင်တပ်သည် ပလတွင် ဇန်နဝါရီလကုန်ပိုင်းကလည်း နေအိမ်များကို မီးရှို့ဖျက်ဆီးသဖြင့် နေအိမ်၂၀၀ကျော် ပျက်စီးဆုံးရှုံးကြောင်း ဒေသခံများထံမှ သိရသည်။