ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီ ရမ်းဖိုရွာကို စစ်အာဏာရှင်တပ် ဒရုန်းဗုံးချသဖြင့် နေအိမ်နှစ်ဆောင် မီးလောင်

February 6, 2026

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာကို ဇဝဲကျေးရွာအခြေစိုက် စစ်အာဏာရှင် အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက ဒရုန်းဖြင့် ဗုံးချသဖြင့် နေအိမ်နှစ်ဆောင် မီးလောင်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၅ရက် နံနက် ၁၀နာရီခန့်တွင် စစ်အာဏာရှင်အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက ဒရုန်းဖြင့် ဗုံးချကြောင်း ၎င်းတို့က ပြောသည်။

ခမရ ၅၅၆ ဘက်က ဒရုန်းတက်လာသည်ကို မြင်တွေ့ရကြောင်း ဒေသခံများက ဆိုသည်။

မီးလောင်ပျက်စီးသွားသည့် နေအိမ်နှစ်ဆောင်သည် ခြံတစ်ခုတည်းတွင်ရှိပြီး အိမ်ဆောက်ရန်အတွက် စုထားသည့် သစ်ခွဲသားတစ်တန်ကျော်လည်း မီးလောင်ဆုံးရှုံးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“အိမ်က ပျဥ်ခင်း၊ ဓနိမိုး၊ ထရံကာ၊ အိမ်နှစ်ဆောင်လုံး မီးလောင်ပြာကျသွားတယ်။ အိမ်မှာက လူမနေတာကြာပြီ၊ စစ်ရှောင်နေကြတယ်။ ရွာသားတွေအကုန် စစ်ရှောင်နေကြရတယ်လေ” ဟု ၎င်းက ပြောဆိုသည်။

ဒရုန်းဖြင့် ဗုံးချပြီးနောက် ယင်းနေ့ နေ့လယ် ၁၂နာရီခန့်တွင် မြိတ်မြို့မှ တနင်္သာရီမြို့သို့ တက်လာသည့် စစ်အာဏာရှင်တပ် ကားသုံးစီးကို ရမ်းဖိုရွာအနီးရှိ ကမ်းတိုရွာတွင် တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ‌‌တော်လှန်ရေးတပ်နှင့်နီးစပ်သူက ဆိုသည်။

“ကားတွေက ရိက္ခာတွေလည်းပါတယ်။ လူတွေလည်းပါတယ်။ ကမ်းတိုရွာမှာ မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်ပါ ထပ်ပစ် ကြတယ်။ (စစ်အာဏာရှင်တပ်ဘက်က) ထိခိုက်မှုတော့ မသိရသေးဘူး။ တော်လှန်‌ရေးတပ်ဘက်က အထိအခိုက်မရှိ ပြန်ဆုတ်နိုင်တယ်” ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီလ ၆ရက်တွင် ရမ်းဖိုရွာနှင့် ငါးရွာကျော် အကွာတွင်ရှိသည့် လယ်တောင်ယာရွာကို စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများ ရက်ဆက်ဖြစ်နေ၍ လယ်တောင်ယာရွာနှင့် တမုတ်ချုံးရွာအနီးဝန်းကျင်ရှိ ပြည်သူများအနေဖြင့် နံနက်၆နာရီမှ ညနေ ၆နာရီအတွင်း ဖြတ်သန်းသွားခြင်းမပြုရန် မြိတ်ခရိုင်တပ်ရင်း၂ က ထုတ်ပြန်ထားသည်။