အမေရိကန်နှင့် ရုရှားအကြား မဟာဗျူဟာမြောက်အဏုမြူလက်နက်များ ဖြန့်ကျက်ချထားမှုအပေါ် ကန့်သတ်သည့် New START စာချုပ်ကို သက်တမ်းတိုးရန် ရုရှားသမ္မတဗလာဒီမာပူတင်၏ ကမ်းလှမ်းမှုကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၅ ရက်နေ့က ပယ်ချလိုက်သည်။
၂၀၁၀ ခုနှစ် သဘောတူညီချက်ပါအတိုင်း ဒုံးကျည်များ၊ လေယာဉ်များနှင့် ရေငုပ်သင်္ဘောများအပါအဝင် ပစ်လွှတ်မှုစနစ် ၇၀၀ ပေါ်တွင် အဏုမြူထိပ်ဖူး ၁,၅၅၀ ခုထက် မပိုစေရန် ကန့်သတ်ချက်ကို နောက်ထပ်တစ်နှစ်ကြာ ဆက်လက်လိုက်နာရန် ပူတင်က အဆိုပြုကမ်းလှမ်းခဲ့ခြင်း ဖြစ်ပြီး ထရမ့်က ယင်းသို့ ပယ်ချလိုက်သည်။
“New START စာချုပ်ကို သက်တမ်းတိုးမယ့်အစား အနာဂတ်ကာလရှည်အထိ တည်တံ့စေမယ့် စာချုပ်သစ်တစ်ရပ်ပေါ်လာအောင် ကျွန်တော်တို့ရဲ့ အဏုမြူကျွမ်းကျင်သူတွေကို မွမ်းမံပြုပြင်ရေးဆွဲ စေသင့်တယ်” ဟု ထရမ့်က ၎င်း၏ Truth Social ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်တွင် ရေးသားခဲ့သည်။
New START စာချုပ်သက်တမ်းကုန်ဆုံးလျှင် အဏုမြူလက်နက်ပြိုင်ပွဲအရှိန်မြှင့်လာမည်ဖြစ်ကြောင်း လက်နက်ထိန်းချုပ်ရေးတက်ကြွလှုံ့ဆော်သူများက သတိပေးနေသည်။
အမေရိကန်အနေဖြင့် ရုရှားနှင့် တရုတ်၏ ခြိမ်းခြောက်မှုရန်ကို ဟန့်တားနိုင်ရေး အဏုမြူလက်နက်များ လုံလုံလောက်လောက် ဖြန့်ကျက်ချထားမှုကို အဆိုပါ စာချုပ်က ကန့်သတ်ထားကြောင်း အမေရိကန်နိုင်ငံရှိ စာချုပ်ဆန့်ကျင်သူများက ဆိုသည်။
New START စာချုပ်သည် စစ်အေးတိုက်ပွဲကာလမှစ၍ ရာစုနှစ်ဝက်ကျော်အတွင်း ကမ္ဘာ့အင်အားကြီး နျူကလီးယားနိုင်ငံနှစ်ခုကြား ချုပ်ဆိုခဲ့သည့် လက်နက်ထိန်းချုပ်ရေး စာချုပ်များအနက် နောက်ဆုံးကျန်ရှိနေသော သဘောတူညီချက်ဖြစ်သည်။
ယင်းစာချုပ်သည် တစ်ကြိမ်သာ သက်တမ်းတိုးခွင့်ပြုထားပြီး ၂၀၂၁ ခုနှစ်တွင် ပူတင်နှင့် အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်တို့က ငါးနှစ်သက်တမ်းတိုးရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။
New START စာချုပ်မှာ ညှိနှိုင်းမှု ညံ့ဖျင်းသည့် သဘောတူညီချက်တစ်ခု ဖြစ်ပြီး ဆိုးဆိုးရွားရွား ချိုးဖောက်ခံနေရကြောင်း ထရမ့်က ၎င်း၏ ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်တွင် ရေးသားထားသည်။
ထရမ့်၏ အဆိုပါ ပြောဆိုမှုမှာ စာချုပ်ပါ စည်းကမ်းချက်များကို တစ်ဖက်နှင့်တစ်ဖက်လိုက်နာခြင်းရှိမရှိ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရန် ရည်ရွယ်သည့် ကွင်းဆင်းစစ်ဆေးမှုများနှင့် အခြားလုပ်ငန်းစဉ်များကို ရပ်ဆိုင်းရန် ၂၀၂၃ ခုနှစ်တွင် ပူတင် ဆုံးဖြတ်ခဲ့ခြင်းကို ရည်ညွှန်းပြောဆိုပုံရကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
ပူတင်က ၎င်း၏ ဆုံးဖြတ်ချက်အတွက် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို အလုံးစုံကျူးကျော်ဝင်ရောက်ခဲ့မှုအပေါ် ယူကရိန်းဘက်မှ အမေရိကန်က ကူညီထောက်ပံ့ပေးနေခြင်းကို အကြောင်းပြချက် ပေးသည်။
အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလိဗစ်က အမေရိကန်အနေဖြင့် ရုရှားနှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားထားသည်။
Source: Reuters







