ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ် တောင်ပုရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်

February 6, 2026

ပုံစာ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ(ပုံဟောင်း)

မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ တောင်ပုရွာရှိ ဘုရားတောင်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက သွားရောက်တိုက်ခိုက်ကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၄ ရက် ည ၉ နာရီခွဲခန့်တွင် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၅ရက် နံနက် ၇နာရီခန့်တွင်လည်း တောင်ပုရွာနှင့် ခုံမော်ရွာကြား တံတားအနီးသို့ လမ်းကင်းထွက်လာသည့် စစ်အာဏာရှင် တပ်သားများကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ကြောင်း ၎င်းက ဆိုသည်။

ယင်းနေ့ နေ့လယ်ပိုင်းတွင်လည်း ပစ်ခတ်သံများကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သေနတ်သံတွေ တအားပဲကြားနေရတယ်။ (ဖေဖော်ဝါရီ ၅) နေ့ဘက် ပစ်နေကြတယ်။ လက်နက်ကြီးနဲ့ သေနတ်သံတွေကို ကြေးနန်းတိုင်တံတားကနေတောင် ကြားနေရတယ်” ဟု ကြေးနန်းတိုင်ရွာ ဒေသခံတစ်ဦးက ပြောသည်။ ကြေးနန်းတိုင်ရွာမှာ တောင်ပုရွာနှင့် တစ်မိုင်ကျော် အကွာတွင် တည်ရှိသည်။

တောင်ပုရွာ ဘုရားတောင်တွင် စစ်အာဏာရှင်တပ်သားများ တပ်စွဲထားသည်မှာ ၂နှစ်ကျော်ပြီဖြစ်ပြီး တစ်ခါတစ်ရံ ပြည်ထောင်စု လမ်းမပေါ်တွင် ဂိတ်ချပြီး စစ်ဆေးမှုများ လုပ်ဆောင်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဘုရားတောင်အနီးတွင် စစ်အာဏာရှင်တပ်၏ မဇောရွာ စစ်ဆေးရေးဂိတ်လည်းရှိကြောင်း ၎င်းတို့က ဆိုသည်။

အထက်ပါ တိုက်ခိုက်မှုဖြစ်စဉ်များတွင် ထိခိုက်မှု အခြေအနေတို့ကို Dawei Watch က စုံစမ်းနေဆဲဖြစ်သည်။

ဖေဖော်ဝါရီလ ၅ရက် နံနက်ပိုင်းတွင် မြိတ်မြို့ဘက်ကမှ လာသည် စစ်အာဏာရှင်တပ်က ကားသုံးစီးသည် တောင်ပုရွာကို နံနက် ၁၁ နာရီခန့်တွင် ဖြတ်သန်းပြီး တနင်္သာရီမြို့ဘက်သို့ ဦးတည်၍ မောင်းနင်သွားကြောင်း ဒေသခံများက ဆိုသည်။