ပြည်ထောင်စုကားလမ်းမ ရန်ကုန်-ထားဝယ်လမ်းပိုင်းရှိ စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းသွားလာ သည့် ကားများတွင် တင်ဆောင်လာသည့် ကုန်ပစ္စည်းများကို ဖွင့်ဖောက်စစ်ဆေးပြီး သိမ်းယူနေကြောင်း ကားသမားများနှင့် စျေးသည်များထံမှ သိရသည်။
၂၀၂၅ ခုနှစ် နှောင်းပိုင်းကစပြီး ယင်သို့ စစ်ဆေးသိမ်းဆည်းမှုကို ပိုမိုလုပ်ဆောင်လာကြောင်း ၎င်းတို့က ပြောသည်။
ရန်ကုန်-ထားဝယ် ကားလမ်းပိုင်းတွင် စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ် ၄၀ကျော်ရှိသည့်အနက် ထားဝယ်ခရိုင် အတွင်းရှိ ကလိန်အောင်တံတားစစ်ဆေးရေးဂိတ်နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့အနီး မရမ်းချောင်း စစ်ဆေးရေးဂိတ်တို့မှာ ပစ္စည်းများ ဖွင့်ဖောက်သိမ်းဆည်းမှု အများဆုံးဖြစ်ကြောင်း သိမ်းယူခံရဖူးသည့် ကာယကံရှင်များထံမှ သိရသည်။
“ကလိန်အောင်ဂိတ်က အတော်ဆိုးတယ်။ ကုန်စိမ်းတွေဆို ယူတာများတယ်။ ဟင်းသီးဟင်းရွက်တို့ ငါးခြောက်တို့ဆိုလည်း ယူတာပဲ။ ကုန်ခြောက်တွေမှာဆို သီဟိုဠ်စေ့ လက်ဆောင်ဘူးလေး နှစ်ဘူးလောက်ပါလည်း မျှောစာ (ကုန်ပစ္စည်းသယ်ခွင့် လက်မှတ်) နဲ့ သယ်ဖို့လိုတယ်။ ရှာကြံပြီးရစ်တယ်” ဟု လမ်းပိုင်းအသုံးပြုနေသည့် ကုန်တင်ယာဥ်မောင်းတစ်ဦးက ပြောသည်။
ကလိန်အောင်ဂိတ်တွင် ယခင်က မောရဝတီရေတပ်က တပ်သားများ ဂိတ်ထိုင်ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလမှစတင်၍ စကခ ၈ လက်အောက်ရှိ ခမရ ၄၀၉ ၊ ၄၁၀ တပ်ရင်းများ ဂိတ်ထိုင်နေကြောင်း မြို့ခံများနှင့် ကားသမားများထံမှ သိရသည်။
“မရမ်းချောင်းဂိတ်မှာ ကလေးကစားစရာတွေပါ သိမ်းတာမျိုးအထိရှိတယ်။ ဒီကလေးကစားစရာအရုပ်တွေက Tik Tok မှာ နာမည်ကျော်နေလို့ သယ်မရဘူးဆိုပြီး သိမ်းထားတယ်။ အတော်ပြန်လိုက်ပြီးထုတ်မှ ပစ္စည်းပြန်ရတယ်။ ဒါပေမဲ့ အပြည့် ပြန်မရဘူး။ သုံးသိန်း(ကျပ်)ဖိုးလောက် လျော့နေတာရှိတယ်” ဟု ကလေးကစားစရာ ရောင်းသူတစ်ဦး ပြောဆိုသည်။
မရမ်းချောင်းဂိတ်တွင် ယခင်က စစ်အာဏာရှင်တပ်သားနှင့် ရဲများအပြင် အဖွဲ့စုံ (လဝက၊ အကောက်ခွန်၊ မူးယစ်တပ်ဖွဲ့၊ လူကုန်တား စသဖြင့်) စစ်ဆေးခဲ့သည်။ ပဲခူးတိုင်း၊ ညောင်ခါးရှည်တွင် X ray စက်ဖြင့် စစ်ဆေးရေးဂိတ်ဖွင့်ပြီးနောက် အဖွဲ့စုံ စစ်ဆေးမှု ညောင်ခါးရှည်သို့ ပြောင်းသွားပြီး မရမ်းချောင်းဂိတ်တွင်မူ စစ်အာဏာရှင်တပ်သားနှင့် ရဲအချို့ကျန်ခဲ့ကြောင်း ကားသမားများထံမှသိရသည်။
ရန်ကုန်-ထားဝယ်လမ်းပိုင်းရှိ စစ်အာဏာရှင်တပ်ဂိတ်များအပြင် တော်လှန်ရေးတပ်နှင့် အခြားတိုင်းရင်းသားလက်နက်ကိုင် ဂိတ်များ၊ စစ်ဆေးသည့်နေရာများတွင်လည်း ပစ္စည်းများဖွင့်ဖောက်စစ်ဆေးခံရမှုများရှိကြောင်း ကားသမားများထံမှသိရသည်။
“ဒီဘက် (တော်လှန်ရေးဘက်) ကတော့ တစ်ခါတလေ ရှာတယ်။ ဖွင့်စစ်တာရှိတယ်။ စစ်တပ်ပစ္စည်း ပါမပါစစ်တာ။ (ပစ္စည်း) ယူထားတာမျိုးတွေတော့ မကြုံရဖူးဘူး။ ယူခဲ့တယ်လို့ အခြားသူတွေပြောနေတာလည်း မကြားရဘူး” ဟု လမ်းပိုင်းအသုံးပြု နေသည့် ထားဝယ်မြို့ခံ ကားသမားတစ်ဦးက ပြောသည်။
ပစ္စည်းများဖွင့်ဖောက်သိမ်းဆည်းခံရသဖြင့် ကုန်သည်နှင့် ကားသမား၊ ယာဥ်လိုင်းတို့အကြား မကြာခဏ ပြဿနာ ကြုံရကြောင်း ရန်ကုန်-ထားဝယ်ပြေးဆွဲနေသည့် ကားအသင်းပိုင်ရှင်တစ်ဦးက ဆိုသည်။
“လမ်းပိုင်းအခြေအနေက ဝန်ထမ်းဆိုလည်း CDM ရော ၊ Non CDM ရော သွားမရဲဘူး။ လူငယ်ဆိုလည်း စစ်မှုထမ်း ကြောက်ရ တယ်။ အဲဒီတော့ ခရီးသည်မရှိဘူး။ ကုန်ပစ္စည်းပဲ အားကိုးပြီးလည်ပတ်နေရတဲ့အခြေအနေမှာ အခုလိုဖွင့်ပြီး ယူခဲ့တာမျိုးတွေ တော့ မလုပ်စေချင်ဘူး။ စစ်ပါ၊ ဆေးပါ။ မှောင်ခိုပစ္စည်းဆို သိမ်းပါ။ အဲဒီလိုမဟုတ်ဘဲ တမင် ယူရစ်ခဲ့တာမျိုးတော့ မဖြစ်စေချင် ဘူး” ဟု ၎င်းက ပြောဆိုသည် ။
ခရီးသည် လိုက်ပါမှုနည်းပါးသောကြောင့် အချို့ ယာဥ်လိုင်းများမှာမူ တွက်ခြေမကိုက်၍ ရပ်နားသွားကြပြီဖြစ်ကြောင်း ခရီးသည်နှင့် ကုန်တင်ယာဥ်လုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။







