ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်အရှေ့တောဒေသ သင်္ကန်းတုံးရွာအနီးတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်

January 6, 2026

ထားဝယ်အရှေ့တောဒေသ သင်္ကန်းတုံးကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်အာဏာရှင်တပ်တို့ ဇန်နဝါရီလ ၅ရက် နံနက်ပိုင်းတွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့အချို့နှင့် ဒေသခံများထံမှ သိရသည်။

စစ်အာဏာရှင်တပ်စစ်ကြောင်း ဝင်ရောက်ပစ်ခတ်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်ငယ်အသံများအပြင် လက်နက်ကြီးပစ်ခတ်သံလည်း သုံးကြိမ်ကြားရကြောင်း အရှေ့တောဒေသမှ အမျိုးသမီးတစ်ဦးက ပြောသည်။

မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှုဖြစ်ပြီးနောက် တော်လှန်ရေးတပ်များ ဆုတ်ခွာသွားပြီး စစ်အာဏာရှင်တပ်ဘက်က တော်လှန်ရေးတပ်ဖွဲ့၏ နေရာတစ်ခုနှင့် လက်နက်ခဲယမ်းအချို့၊ ကားတစ်စီးတို့ကို သိမ်းဆည်းခဲ့ကြောင်း အရှေ့တောအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ဆိုသည်။

အထက်ပါ နှစ်ဖက်ပစ်ခတ်မှုတွင် တော်လှန်ရေးတပ်ဖွဲ့များဘက်က သံမဏိပြောက်ကျားတပ်ဖွဲ့ (နဘယံ)၊ က္လားသစ္ဏတ် တပ်ဖွဲ့၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့တို့ ပါဝင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးနှင့် ဒေသခံတစ်ဦးတို့က ပြောဆိုသည်။

စစ်ကော်မရှင် လော်ဘီ တယ်လီဂရမ်ချန်နယ်အချို့တွင်မှု သင်္ကန်းတုံးကျေးရွာအနီးရှိ KNU/PDF စခန်းကို သိမ်းပိုက်ရရှိပြီး ပစ်ခတ်မှုတွင် အလောင်းလေးလောင်းနှင့် လက်နက် ၁၁ လက်ရရှိကြောင်း ရေးသားဖြန့်ချိထားကြသည်။

နှစ်ဖက်ထိတွေ့ ပစ်ခတ်ရာတွင်ပါဝင်သည့် အရှေ့တောအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့က တာဝန်ရှိသူကမူ ပစ်ခတ်မှုတွင် တော်လှန်ရေးတပ်ဖွဲ့များဘက်က ဒဏ်ရာရသူတစ်ဦးရှိပြီး သေဆုံးသူ မရှိကြောင်း ပြောသည်။