ရေဖြူမြို့နယ်၊ ကျောက်ထောင့်ကျေးရွာတွင် စစ်အာဏာရှင်တပ် လေးရက်ကြာတပ်စွဲခဲ့ပြီးနောက် ဒေသခံများ ပိုင်ဆိုင်သည့် မော်တော်ဆိုင်ကယ် ငါးစီးကို မီးရှို့ဖျက်ဆီးကာ နှစ်စီးကိုမူ လှေဖြင့် လာရောက် သယ်ဆောင်သွားကြောင်း ဒေသခံများကပြောသည်။
အင်အား ၁၀၀ နီးပါးရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည့် ဇန်နဝါရီလ ၃ ရက် ညနေပိုင်းကစပြီး ကျောက်ထောင့်ကျေးရွာရှိ လူနေအိမ်များတွင် ဝင်ရောက်တပ်စွဲနေထိုင်ခဲ့သည်။
ယင်းနောက် နေအိမ်များကို ဖောက်ထွင်းကာ ငွေသား၊ ရွှေနှင့် တန်ဖိုးကြီးပစ္စည်းအချို့ကိုလည်း ယူဆောင်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“ကျောက်ထောင့်ရွာကို စစ်ကြောင်းဝင်တယ်ဆိုတာ သိပ်မရှိ တတ်ဘူး။ လူတွေက အဲဒီမှာ အမှုမဲ့ အမှတ်မဲ့ နေကြတာပေါ့။ တကယ်လည်းဝင်လာ တဲ့ အခါကျတော့ ဘာမှ ပြင်ချိန် မရလိုက်ကြဘူး။ ရွေနဲ့ ငွေသားတွေ တော်တော်များများပါသွားခဲ့ကြတယ်။ အိမ်ပေါ်သူတို့ တက်ရှာရင်တွေ့မှာ စိုးလို့ ဆိုပြီး ရွှေကို အိမ်အောက်ကို ပစ်ချခဲ့တာကိုသူတို့မြင်ပြီးကောက်သွားတဲ့ အိမ်တွေလည်း ရှိတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
စစ်ကြောင်းဝင်ချိန် ကနဦးသိမ်းထားခဲ့ သည့် မော်တော်ဆိုင်ကယ်အချို့ကိုမူ စစ်ကြောင်းထွက် ချိန် ပြန်ပေးခဲ့ ကြောင်း ဒေသခံအချို့က ပြောသည်။
မီးရှို့ခံဖျက်ဆီးခဲ့သည့် မော်တော်ဆိုင်ကယ် ငါးစီးမှာမူ ယနေ့ စစ်ကြောင်းထွက်ခွာချိန်၌ ရွာပြင်တွင် တွေ့ရှိ ခဲ့ရသည့်အတွက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“သူတို့က PDFဆိုင်ကယ် တွေဆိုပြီးမီးရှို့ခဲ့တာ၊ တကယ်တော့ အရပ်သား ဆိုင်ကယ် တွေ။ စစ်ကြောင်း စဝင်တော့ တချို့က ဆိုင်ကယ် တွေ ထားခဲ့ ပြီး မြစ်တစ်ဘက်ကမ်း ညင်းထွေးဘက်ကို ကူးသွားကြတာ။ အဲဒီမှာ ဆိုင်ကယ်တွေက ကျန် ခဲ့တာပါ” ဟု ၎င်းက ပြောသည်။
စစ်ကြောင်းဝင်ချိန် ဒေသခံအများစုမှာ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည့် အတွက် စစ်ကြောင်းက ယူဆောင်သွားသည့် ငွေကြေးနှင့် တန်ဖိုးကြီးပစ္စည်းပမာဏကိုမူ အသေးစိတ်မသိရသေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။
“အခုပဲ ကျွန်မတို့ရွာပြန်ရောက်တာ။ စစ်ကြောင်းကတော့ ထွက်သွားပါပြီ၊ ကျန်တာတော့ တိတိကျကျ ဘာမှ မသိရသေးဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါစစ်အာဏာရှင်တပ် စစ်ကြောင်းသည် ကျောက်ထောင့်ကျေးရွာ တွင် လေးရက်ကြာ တပ်စွဲခဲ့ပြီး နောက် ယနေ့ ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၂ နာရီ ခန့်တွင် ရေဖြူမြို့ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်းသိရသည်။
စစ်ကြောင်းဝင်ချိန် အဆိုပါ စစ်အာဏာရှင် တပ်က သေနတ်ပစ်ခတ် ခြင်းကြောင့် ဒေသခံအမျိုသားတစ်ဦး ကျည်စ ဒဏ်ရာရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။







