ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်ထောင်တွင် ယားနာကူးစက်မှု အဖြစ်များ

January 6, 2026

ထားဝယ်အကျဉ်းထောင်တွင် ယားနာရောဂါကူးစက်ဖြစ်ပွားမှု များနေကြောင်း အကျဉ်းသူ၊ အကျဉ်းသား မိသားစုဝင်အချို့က ပြောသည်။

အိပ်ဆောင်တစ်ခုလျှင် လူဦးရေ ၆၀ မှ ၈၀ အထိ နေထိုင်ရပြီး ချိုးရေမလုံလောက်မှုကြောင့် ပွေး၊ ဝဲ၊ နှင်းခူကဲ့သို့သော ယားနာများ အဖြစ်များနေကြောင်း နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဖြစ်နေတာက တော်တော်တော့ကြာပြီ။ ဆေးက အမြဲဝယ်ထည့်ပေးနေရတယ်။ ထောင်မှာကလည်း နှာစေးဖျားနာ အတွက်ပဲ ဆေးရှိတာ။ ကျွန်မယောက်ျားမှာဆို လက်တွေမှာရော ကျောကုန်းတွေမှာ ပါဖြစ်နေတာ တစ်ကိုယ်လုံးပဲ။ လူတိုင်း ဖြစ်တယ်။ လူကလည်းများ ရေကလည်း ခွက်ရေနဲ့ပဲ ချိုးရတော့ ကူးကြတယ်ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။

ထားဝယ်မြို့ပေါ်ရှိ အကျဉ်းသူ၊ အကျဉ်းသား မိသားစုဝင်များက တစ်ပတ်လျှင် တစ်ကြိမ် ထောင်ဝင်စာပို့ပေးနေသဖြင့် ဆေးဝါး၊ ဆပ်ပြာ၊ အစားအသောက်များ ပုံမှန်ရနေကြောင်း ထောင်ဝင်စာပို့နေသူအချို့ထံမှ သိရသည်။

သို့သော် ရန်ကုန်၊ မော်လမြိုင်၊ ပဲခူးစသည့် တိုင်းပြင်ပနှင့် နယ်ဒေသ၊ မြိတ်၊ ကော့သောင်းမှ အကျဉ်းသူ၊ အကျဉ်းသားများမှာ မိသားစုဝင်များ ထောင်ဝင်စာ မပို့သဖြင့် ဆေးဝါးနှင့် ဆပ်ပြာ၊ အစားအသောက်ထောက်ပံ့မှုမရကြောင်း ၎င်းတို့က ဆိုသည်။

ချိုးရေ မလုံလောက်ခြင်း၊ ဆေးဝါးထောက်ပံ့မှု မရှိခြင်းတို့ကြောင့် ယားနာရောဂါမှာ အကင်းမသေပဲ ပြန်ဖြစ်ခြင်း၊ ပွားလာခြင်း၊ အခြားသူများကို ထပ်မံကူးစက်ခြင်းတို့ ဖြစ်နေကြောင်း ထောင်ဝင်စာပို့နေသူအချို့က ပြောဆိုသည်။

“ကျွန်မယောင်္ကျားဆို တစ်ကိုယ်လုံးဖြစ်နေတာဆိုတော့ တစ်ကိုယ်လုံး လိမ်းနေရတယ်။ သောက်ဆေးလည်း အပြင်ကနေ အမြဲဝယ်ဝယ်ထည့်ပေးနေရတယ်။ အရင်ကဆို အဲဒီလောက် မကြာဘူး။ အခုကပြန်ပြန်ဖြစ် မပျောက်နိုင်တော့ဘူး” ဟု အထက်ဖော်ပြပါ အမျိုးသမီးက ပြောသည်။

ချိုးရေ မလုံလောက်မှုကြောင့် ပြင်ပက ရေကို ကားဖြင့် လာလှူပေးသူများရှိပြီး လိုအပ်သည့် ဆေးဝါးများကို လှူပေးသူများလည်းရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင် အမျိုးသားတစ်ဦးက ဆိုသည်။

“အဓိကတော့ ချိုးရေ မလုံလောက်တာ။ လူများတော့ လေကောင်းလေသန့်မရတာ၊ ပူတာပေါ့။ ဆပ်ပြာဆိုလည်း တချို့တွေမှာ မရှိကြဘူး။ အတူတူလာလာ မျှသုံးကြတယ်။ တစ်ယောက်ကနေ တစ်ယောက်ကူးကြတာပေါ့” ဟု အထက်ပါအမျိုးသားက ပြောသည်။

ချိုးရေ၊ ဆပ်ပြာ၊ သောက်ဆေး၊ လိမ်းဆေး မလုံလောက်မှုကြောင့် ကူးစက်ဖြစ်ပွားမှုပိုများလာခြင်း ဖြစ်ကြောင်း အကျဉ်းသူ၊ အကျဉ်းသား မိသားစုဝင်အချို့ထံမှ သိရသည်။