လက်ရှိဖြစ်ပွားနေသည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကို နှိမ်နင်းရန် အီရန်ခေါင်းဆောင်များ၏ ကြိုးပမ်းမှုမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကြားဝင်စွက်ဖက်မည့် ခြိမ်းခြောက်မှုကြောင့် ပိုမိုရှုပ်ထွေးခက်ခဲသွားကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်က ဖမ်းဆီးလိုက်ခြင်းသည် အီရန်ဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ်လျှင် ကြားဝင် စွက်ဖက်မည်ဆိုသည့် ထရမ့်၏ သတိပေးချက်ကို ပိုမိုလေးနက်သွားစေခဲ့ကြောင်း အီရန်အစိုးရအရာရှိများနှင့် နီးစပ်သူများက ဇန်နဝါရီလ ၅ ရက်တွင် ပြောသည်။
ဗင်နီဇွဲလားသမ္မတမာဒူရိုနှင့် ဇနီးအား အမေရိကန်အထူးတပ်ဖွဲ့က ဖမ်းဆီးကာ နယူးယောက်သို့ ခေါ်ဆောင် မသွားမီ တစ်ရက်အလို၌ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်ဆန္ဒပြပွဲများနှင့် ပတ်သက်၍ သတိပေးချက်ထုတ်ခဲ့သည်။
ဒီဇင်ဘာလ ၂၈ ရက်မှစ၍ လမ်းပေါ်ထွက် ဆန္ဒပြနေသူများကို အီရန်အစိုးရက သတ်ဖြတ်ပါက အမေရိကန်က “ကူညီကယ်တင်မည်” ဟု ထရမ့်က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
အီရန်နိုင်ငံတွင် လက်ရှိဖြစ်ပွားလျက်ရှိသည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် လက်ရှိအချိန်အထိ သေဆုံးသူ ၁၇ ဦးအထိ ရှိလာပြီ ဖြစ်သည်။
ယမန်နှစ် ဇွန်လက ဖြစ်ပွားခဲ့သည့် အစ္စရေး-အီရန် ၁၂ ရက်ကြာ စစ်ပွဲအတွင်း အမေရိကန်နှင့် အစ္စရေးတို့က အီရန်အဏုမြူစခန်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယင်းစစ်ပွဲနောက်ပိုင်း ပိုမိုဆိုးရွားလာသည့် ကာလရှည်နိုင်ငံ့စီးပွားရေးအကျပ်အတည်းနှင့် ထရမ့်၏ ခြိမ်းခြောက်မှုများ ကြောင့် အီရန်အစိုးရမှာ မလှုပ်သာမရှားသာ ဖြစ်နေကြောင်း Reuters သတင်းတွင် ဖော်ပြသည်။
“ဒီဖိအားနှစ်ခုကြားမှာ အီရန်အစိုးရအတွက် လှုပ်ရှားနိုင်စွမ်းဟာ အတော်လေး ကျဉ်းကျပ်နေပါတယ်။ ပြည်တွင်းက လူထုဒေါသနဲ့ ဝါရှင်တန်ရဲ့ တင်းမာတဲ့ ခြိမ်းခြောက်မှုတွေကြားမှာ အီရန်ခေါင်းဆောင်တွေ ညှပ်နေပြီး ဘယ်လမ်းကိုရွေးရွေး အန္တရာယ်ကြီးနေပါတယ်” ဟု အီရန်အစိုးရအရာရှိတစ်ဦးက Reuter သတင်းဌာနကို ပြောကြားခဲ့သည်။
လက်ရှိတာဝန်ထမ်းဆောင်ဆဲ နောက်ထပ် အီရန်အစိုးရအရာရှိနှစ်ဦးနှင့် အရာရှိဟောင်းတစ်ဦးကလည်း အမည်မဖော်ဘဲ ယင်းသို့ ထပ်တူပြောဆိုကြကြောင်း ဖော်ပြသည်။
Source – Reuters







