ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတိုင်း၏ ရွေးကောက်ပွဲ အပိုင်း ၁ တွင် စစ်တပ်ပါတီကသာ အနိုင်ရ

January 6, 2026

အတိုက်အခံများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိစေရန် စနစ်တကျပြင်ဆင်ထားသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပိုင်း ၁ တွင် စစ်အာဏာရှင်တပ်၏ပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကသာ တနင်္သာရီတစ်တိုင်းလုံးတွင် အနိုင်ရရှိခဲ့သည်။

ဒီဇင်ဘာလ ၂၈ ရက်က ရွေးကောက်ပွဲအပိုင်း ၁ ကိုကျင်းပခဲ့ရာ တနင်္သာရီတိုင်းတွင် ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ်တို့၌ ပြုလုပ်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲမရှင်က အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပြိုင်စရာမလိုဘဲ အနိုင်ရသည့် ကိုယ်စားလှယ်လောင်း စာရင်းများကို ထုတ်ပြန်လျက်ရှိရာ ဇန်နဝါရီလ ၆ ရက်နေ့အထိ ထုတ်ပြန်ထားချက်အရ တနင်္သာရီတိုင်းတွင် ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရရှိနေသည်။

ကြံ့ခိုင်ရေးပါတီက မြိတ်၊ ထားဝယ်၊ ဘုတ်ပြင်း၊ ကော့သောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာများအတွက် အနိုင်ရရှိထားကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

ယင်းအပြင် လောင်းလုံးနှင့် ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက်လည်း ပြိုင်ဘက်မရှိသဖြင့် ကြံ့ခိုင်ရေးပါတီကပင် မဲပုံးထောင်ခြင်းမရှိဘဲ အလိုအ‌လျောက် အနိုင်ရရှိထားသည်။

ယင်းအတွက်ကြောင့် ရွေးကောက်ပွဲ ပထမပိုင်းအပြီး တနင်္သာရီတိုင်းတွင် ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်အမတ်လောင်း ၆ နေရာကို ရရှိထားပြီဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်၏ ဇန်နဝါရီလ ၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ ကြံ့ခိုင်ရေးပါတီသည် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (မဲအများဆုံးရသူ အနိုင်ရစနစ်ဖြင့်) သရက်ချောင်း၊ ရေဖြူမြို့နယ်မှ ကိုယ်စားလှယ်နှစ်ဦး အနိုင်ရနေသည်။

တနင်္သာရီတိုင်းက ပြည်သူ့လွှတ်တော် ၆ နေရာနှင့် တိုင်းလွှတ်တော်နှစ်နေရာ စလုံးတွင် ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရရှိထားပြီး အခြားပါတီက အနိုင်ရသူမရှိသေးပေ။

အလားတူပင် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်များတွင် ပြိုင်ဘက်မရှိသဖြင့် ကြံ့ခိုင်ရေးပါတီကပင် ပြိုင်စရာမလိုဘဲ အလိုအလျောက် အနိုင်ရရှိသော မဲဆန္ဒနယ်များရှိနေသည်။

ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်းမြို့နယ်တို့မှ တိုင်းဒေသကြီးလွှတ်တော်နေရာတို့မှာ ရွေးကောက်ပွဲ ပထမပိုင်းတွင်ပါဝင်သော်လည်း ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

အလားတူ အမျိုးသားလွှတ်တော်အတွက်လည်း ကြေညာခြင်းမရှိသေးပေ။

ယင်းအခြေအနေကို ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်း အချို့အား ဆက်သွယ်မေးမြန်းသော်လည်း ဖြေဆိုခြင်းမရှိကြပေ။

ပြည်သူအချို့နှင့် တော်လှန်ရေးအစုအဖွဲ့များကမူ ယခုရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း‌ ထုတ်ဖော်ပြောဆိုထားသည်။

၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲ နှစ်ခုစလုံးတွင် ကြံ့ခိုင်ရေးပါတီသည် NLD ပါတီအား ခွက်ခွက်လန်အောင် ရှုံးနိမ့်ထားပြီး ယခုရွေးကောက်ပွဲတွင်မူ အတိုက်အခံများ မပါနိုင်အောင် ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်ကျင်းပခဲ့သည်။