ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီလွန်မတ်စ်ပိုင် Grok AI ကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ

January 6, 2026

အမျိုးသမီးနှင့် ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ ပုံဖျက်ဖန်တီးမှု (Sexualised deepfakes) များ ထုတ်လုပ်ပေးနေမှုကြောင့် အီလွန်မက်စ်၏ Grok AI နည်းပညာအပေါ် နိုင်ငံတကာ၏ ကန့်ကွက်ရှုတ်ချမှုများ ယနေ့ ဇန်နဝါရီလ ၅ ရက်တွင် ပိုမိုပြင်းထန်လာသည်။

ယင်းသို့ လိင်ပိုင်းဆိုင်ရာ ပုံဖျက်ဖန်တီးမှုများအတွက် ဥရောပသမဂ္ဂကလည်း Grok AI နည်းပညာကို အပြစ်တင်ရှုတ်ချလိုက်သည်။

ဗြိတိန်ကလည်း Grok AI အား ယင်းအတွက် စုံစမ်းစစ်ဆေးမည်ဟု သတိပေးလိုက်သည်။

မကြာသေးမီက Grok AI တွင် ‘ဓာတ်ပုံတည်းဖြတ်ပြုပြင်ပါ’ (edit image) ကို အသစ်ထည့်သွင်းလိုက်ပြီးနောက် အသုံးပြုသူအချို့က ‘သူမကို ဘီကီနီ ဝတ်ပေးပါ’ သို့မဟုတ် ‘သူမရဲ့ အဝတ်အစားများကို ဖယ်ရှားပါ’ စသည့် ညွှန်ကြားချက်များဖြင့် ဓာတ်ပုံများကို ပြုပြင်တည်းဖြတ်လာကြောင်း AFP သတင်းတွင် ဖော်ပြသည်။

ယင်းကြောင့် လိင်ပိုင်းအလွဲသုံးစားပြုမှုဆိုင်ရာ မကျေနပ်ချက်များ အင်တာနက်ပေါ်တွင် ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။

‘ဝတ်လစ်စားလစ်ဖြစ်စေသော’ AI နည်းပညာသုံး အက်ပလီကေးရှင်းများ အရှိန်အဟုန်ဖြင့် ပျံ့နှံ့လာမှုအပေါ် နည်းပညာလှုပ်ရှားသူများအကြား စိုးရိမ်မှုများ မြင့်တက်လာမှုကြောင့် ပြင်သစ်၊ အိန္ဒိယနှင့် မလေးရှားအပါအဝင် နိုင်ငံအချို့တွင် ချက်ချင်းစုံစမ်းစစ်ဆေးမှုနှင့် ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ရန် တောင်းဆိုမှုများ ပေါ်ထွက်လာသည်။

ဥရောပသမဂ္ဂ(EU) ၏ ဒစ်ဂျစ်တယ်ကဏ္ဍစောင့်ကြည့်ရေးအဖွဲ့အစည်းကဲ့သို့ ဆောင်ရွက်လျက် ရှိသည့် ဥရောပကော်မရှင် (European Commission) ကလည်း Grok AI နည်းပညာနှင့် ပတ်သက်၍ စောဒကတက်တိုင်ကြားမှုများကို အင်မတန် အလေးအနက်ထား စစ်ဆေးနေကြောင်း တနင်္လာနေ့က ပြောကြားထားသည်။

“Grok က အခု ‘spicy mode’ ဆိုတာကို ထည့်သွင်းလာတယ်။ အဲဒီမှာ လိင်ပိုင်းဆိုင်ရာ အကြောင်းအရာ ဓာတ်ပုံတွေ ဘွင်းဘွင်းရှင်းရှင်း ဖော်ပြတာတွေ ပါတယ်။ ကလေးပုံတွေနဲ့ လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံတွေပါ ပါတယ်။ ဒါက spicy မဟုတ်ဘူး။ ဒါက တရားမဝင်တာ။ ဒါက စက်ဆုပ်စရာကောင်းတာ” ဟု ဥရောပမသဂ္ဂ၏ ဒစ်ဂျစ်တယ်ရေးရာ ပြောရေးဆိုခွင့်ရှိသူ သောမတ်စ်ရက်ဂ်နီယာက ဆိုသည်။

“ဒါမျိုးကို ဥရောပမှာ လုံးဝလက်ခံမှာ မဟုတ်ပါဘူး” ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Source: AFP