ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စုတွင် ပြီးခဲ့သည့် ဒီဇင်ဘာလနှောင်းပိုင်းနှင့် ယခုနှစ်ဆန်းပိုင်းတို့တွင် နေအိမ်ဖောက်ထွင်းခိုးယူမှုများ ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာလ နောက်ဆုံးအပတ်က ကံပေါက်ရွာ၊ လှည်းကုန်းရပ်ကွက်တွင် စျေးကားထွက်၍ နေအိမ်၌ လူမရှိချိန် နေအိမ်ဖောက်ထွင်းခံရကြောင်းကာယကံရှင်မိသားစု နှင့် နီးစပ်သူတစ်ဦးက ပြောသည် ။
“အရင်က စျေးကားထွက်ရင် အိမ်မှာ သမီးလေးတစ်ယောက်ကျန်နေခဲ့တယ်။ အခုက ကျောင်းပိတ်ရက်ဆိုတော့ သမီးလေးပါ စျေးကားလိုက်သွားတာ။ အိမ်မှာ လူမရှိချိန် နေခင်းကြောင်တောင် အဖောက်ခံရတယ်။ စုဗူးလေးလုံး စုစုပေါင်း သိန်းနှစ်ရာ (ကျပ်) လောက်ပါသွားတယ်” ဟု ၎င်းက ပြောဆိုသည်။
ဇန်နဝါရီလ ၂ ရက်ကလည်း ကံပေါက်ရွာ မဂ္ဂင်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သူခိုးကပ်ခဲ့ကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရသည်။
ရပ်ကွက်နေသူများက ဝိုင်းလိုက်သဖြင့် ပစ္စည်းနှင့် ငွေကြေးခိုးယူခံရခြင်း မရှိကြောင်း ၎င်းတို့က ဆိုသည်။
သူခိုးကိုမူ ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ကြောင်းလည်း ရပ်ကွက်နေသူများထံမှ သိရသည်။
အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်ခန့်မှစကာ ကံပေါက်ဒေသတွင် နေအိမ်ဖောက်ထွင်းခိုးယူခံရမှုများ ဆက်တိုက်ရှိခဲ့ပြီး ဖမ်းဆီးမှုများလုပ်ဆောင်ပြီးနောက် ခိုးမှုနည်းသွားခဲ့ပြီး ယခု ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
စစ်အာဏာရှင်တပ်က သူခိုးများ ဖမ်းမိသော်လည်း ထိရောက်စွာအရေးမယူသဖြင့် ခိုးမှုများ မပပျောက်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုကြသည်။
“မောရဝတီ (ရေတပ်) က သူခိုးတွေ လာဖမ်းတာမျိုးရှိတယ်။ ဒါပေမဲ့ အရေးယူလိုက်တာမရှိဘူး။ တချို့က စစ်သား ဖြစ်သွားတာမျိုးရှိတယ်။ တချို့က ရပ်ရွာထဲ ပြန်မြင်နေရတာပဲ။ ရဲစခန်းသွားတိုင်လည်း မထူးဘူး။ ပစ္စည်းလည်းပြန်မရတဲ့ အပြင် အမှုဖွင့်ဖို့ ဖမ်းပေးဖို့ပါ ငွေကြေးတွေပေးရသေးတယ်” ဟု အိမ်ဖောက်ထွင်းခံရဖူးသည့် ဒေသခံတစ်ဦးက ပြောသည်။
ကံပေါက်ဒေသသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း နှင့် သတ္တုတွင်းလုပ်ငန်းများရှိသည့် တိုက်နယ်တစ်ခုဖြစ်သလို မောရဝတီ ရေတပ်စခန်းဌာနချုပ် ရှိသည့် ဒေသလည်းဖြစ်သည်။







