အမေရိကန်ပြည်ထောင်စုသို့ ခရီးသွားလာခွင့် ပိတ်ပင်ထားသည့် နိုင်ငံအရေအတွက်ကို နိုင်ငံ ၃၀ ကျော်အထိ တိုးမြှင့်သွားရန် စီစဉ်နေကြောင်း အမေရိကန်အစိုးရ ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem က ဒီဇင်ဘာလ ၄ ရက်နေ့က ပြောကြားလိုက်သည်။
Fox News သတင်းဌာနနှင့် အင်တာဗျူးတွင် ထရမ့်အစိုးရအနေဖြင့် ခရီးသွားလာခွင့်ပိတ်ပင်ထားသည့် နိုင်ငံအရေအတွက်ကို ၃၂ နိုင်ငံအထိ တိုးမြှင့်သွားရန် ရှိမရှိမေးခွန်းနှင့် ပတ်သက်၍ သူမက ယင်းသို့ အတည်ပြုဖြေကြားလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ခရီးသွားခွင့် ပိတ်ပင်မှုစာရင်းထဲသို့ မည်သည့်နိုင်ငံများကို ထပ်ပေါင်းထည့်မည်ဆိုသည်ကိုမူ သူမက တိတိကျကျ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။
“နိုင်ငံအရေအတွက်ကိုတော့ ကျွန်မ တိတိကျကျ ပြောကြားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံ ၃၀ ကျော်အထိ ရှိတယ်ဆိုတာတော့ သေချာပါတယ်။ သမ္မတကလည်း နိုင်ငံတွေကို ဆက်လက်အကဲဖြတ် စိစစ်နေပါတယ်” ဟု သူမက ပြောကြားခဲ့သည်။
ယခုနှစ် ဇွန်လတွင် ထရမ့်အစိုးရက နိုင်ငံ ၁၂ နိုင်ငံမှ နိုင်ငံသားများအား အမေရိကန်ပြည်ထောင်စုထဲ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်သည်။
နောက်ထပ် ၇ နိုင်ငံမှ နိုင်ငံသားများကိုလည်း အမေရိကန်ပြည်ထောင်စုထဲ ခရီးသွားလာခွင့် ကန့်သတ်မှုများ ချမှတ်ကြောင်း ထရမ့်အစိုးရက ကြေညာခဲ့သည်။
“နိုင်ငံခြားအကြမ်းဖက်သမားများ” နှင့် အခြားသော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ကာကွယ်ရန် လိုအပ်သည်ဟု ဆိုကာ ထရမ့်အစိုးရက ယင်းသို့ ပိတ်ပင်ကန့်သတ်လိုက်ခြင်း ဖြစ်သည်။
ယင်းပိတ်ပင်မှုသည် အမေရိကန်ပြည်ထောင်စုသို့ ရွှေ့ပြောင်းအခြေချသူများအပြင် ရွှေ့ပြောင်းအခြေချသူများမဟုတ်သည့် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်ခရီးသွားများ ၊ ပညာသင်များနှင့် စီးပွားရေးအရ ခရီးသွားသူများကိုပါ သက်ရောက်မှု ရှိသည်။
“အဲဒီနိုင်ငံတွေမှာ တည်ငြိမ်တဲ့ အစိုးရမရှိဘူး ၊ ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်စွမ်း မရှိဘူး ၊ အဲဒီလူပုဂ္ဂိုလ်တွေဟာ ဘယ်သူတွေဆိုတာကို ပြောပြနိုင်တာမျိုး မရှိဘူးတဲ့အပြင် အဲဒီလူပုဂ္ဂိုလ်တွေကို စိစစ်ရာမှာ အကူအညီပေးနိုင်တာမျိုး မရှိဘူးဆိုရင် အဲဒီနိုင်ငံက လူတွေကို ဘာကြောင့် အမေရိကန်ပြည်ထောင်စုကို ဝင်လာခွင့်ပေးရမှာလဲ” လို့ သူမက မေးခွန်းထုတ်ပြောကြားခဲ့သည်။
Source: Reuters







