BREAKING
December 5, 2025

စစ်မှုထမ်းစုဆောင်းခံရသည့် တပ်သားကိုးဦး ထားဝယ်ရှိ တော်လှန်ရေးအင်အားစုများထံ ဘက်ပြောင်း

December 5, 2025

ပုံစာ - ဘက်ပြောင်းလာသူများနှင့် လက်ခံခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူများအားတွေ့ရစဥ်။ ဓာတ်ပုံ - Bahtoo Army

ထားဝယ်ခရိုင်ရှိ တော်လှန်ရေးအင်အားစုများထံ ပြီးခဲ့သည့် နိုဝင်ဘာလက စစ်အာဏာရှင်တပ်သားကိုးဦး ဘက်ပြောင်းခိုလှုံလာကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

နိုဝင်ဘာလ ၅ ရက်က ရေဖြူမြို့နယ်အခြေစိုက် အမှတ် ၄၀၆ နှင့် ၄၀၉ စစ်အာဏာရှင် ခြေမြန်တပ်ရင်းတို့​တွင် တာဝန်ကျနေသည့် တပ်သားလေးဦးသည် လောင်းလုံးမြို့နယ်ရှိ သံမဏိလိပ်ပြာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဘက်ပြောင်းလာခဲ့ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။

အထက်ပါ တပ်သားလေးဦးသည် အဓမ္မစစ်မှုထမ်းစုဆောင်းခံရပြီး စစ်မှုထမ်းအပတ်စဥ် ၁၁ သင်တန်းတွင် တက်ရောက်ခဲ့ရသူများဖြစ်ကြောင်း သံမဏိလိပ်ပြာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် ၎င်းတို့လေးဦး၏ ဆန္ဒအရ ဘေးကင်းသည့်နေရာများသို့ ပို့ဆောင်ထားကြောင်း ဆိုသည်။

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာအတွင်းရှိ ရန်ကင်းရွာတံတားဂိတ်၌ ကင်းတာဝန်ကျနေသည့် စစ်မှုထမ်း သင်တန်းဆင်းငါးဦးသည်လည်း နိုဝင်ဘာလ ၂၇ရက်က သေနတ်သုံးလက်၊ ကျည်ဘောက် ၁၇ ခု၊ ကျည်ဆန်အတောင့်ရေ တစ်ထောင်ကျော်နှင့်အတူ ဗထူးတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ငါးဦးသည် အဓမ္မစစ်သားစုဆောင်းခံရကာ စစ်မှုထမ်းသင်တန်းတက်ရပြီးနောက် သရက်ချောင်း အခြေစိုက် ခလရ ၄၀၄ စစ်အာဏာရှင်တပ်ရင်းတွင် တာဝန်ကျနေစဉ် ရေနက်ဆိပ်ကမ်းဧရိယာ၌ ရှေ့တန်းထွက်ရန် ပို့ဆောင်ခံထားရသူများဖြစ်ကြောင်း ဆိုသည်။

လက်နက်နှင့်အတူ ဘက်ပြောင်းလာသဖြင့် ကျပ်သိန်း ၄၀ စီချီးမြှင့်ပြီး ၎င်းတို့၏ဆန္ဒအရ အလုပ်လုပ်ရန် ပြည်ပသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဗထူးတပ်ဖွဲ့မှ သိရသည်။

တစ်ဖက်တွင်လည်း စစ်အာဏာရှင်တပ်သည် ထားဝယ်ခရိုင်တွင် စစ်မှုထမ်းသင်တန်းအပတ်စဥ်များ၌ သင်တန်းသားဦးရေ ပြည့်မီရန် မြို့အဝင်အထွက်ဂိတ်တွင် ဖမ်းဆီးခြင်း ၊ ညဘက်နေအိမ်၌ စာရင်းဖြင့် ဝင်ဖမ်းခြင်း၊ အကြောင်းပြချက် တစ်ခုခု ဖြင့် ဖမ်းဆီးကာ စုဆောင်းခြင်း စသဖြင့် နည်းမျိုးစုံဖြင့် လစဥ် စစ်မှုထမ်းစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။