ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဇာဒီရွာသို့ ရောက်ရှိနေသော စစ်အာဏာရှင်တပ်သားများကို ယမန့်နေ့ ဒီဇင်ဘာလ ၄ ရက် မွန်းလွဲ ၂နာရီခွဲခန့်တွင် တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီးနောက် ဇာဒီချောင်းဝရှိ စစ်အာဏာရှင်တပ်၏ ရေတပ်စစ်သင်္ဘောက လက်နက်ကြီးဖြင့် ဇာဒီရွာအတွင်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယင်းသို့ ပစ်ခတ်ပြီးနောက် ဇာဒီရွာ ရွာမဘက်ခြမ်းမှ မီးခိုးလုံးများ တက်လာသည်ကို မြင်တွေ့ရကြောင်း တိမ်းရှောင် နေရသည့် ဒေသခံများက ဆိုသည်။
“ပစ်ကြခတ်ကြပြီးတာနဲ့ မီးခိုလုံးတက်လာတာပဲ။ ဒီမနက် (ဒီဇင်ဘာလ ၅ ရက်) အတည်ပြုရတာကတော့ ရွာမရပ်ကွက်က အိမ်တစ်လုံးမီးလောင်တယ်။ ရှို့ခံရတာလား၊ ဒရုန်းကြောင့်လား၊ လက်နက်ကြီးကြောင့်လား ပြောမရဘူး။ ရွာထဲကို အရမ်းဝင်ကြည့်လို့ မရသေးဘူး။ စစ်သားတွေရှိသေးတယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောဆိုသည်။
စစ်အာဏာရှင်တပ်သားများသည် ဒီဇင်ဘာလ ၂ ရက်ကတည်းက ဇာဒီရွာအတွင်းရောက်ရှိနေပြီး ဇာဒီ-ခေါင်ပြန် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရွာမရပ်ကွက်မှ လူမနေသည့် နေအိမ်များ၌ တပ်စွဲကာ ယနေ့ ဒီဇင်ဘာလ ၅ ရက်အထိ ဆက်ရှိနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်အာဏာရှင်တပ်သည် ဇာဒီနှင့် ခေါင်ပြန်ရွာအကြားရှိ တံတားအနီး လမ်းဖြတ်တောက် ထားသည့် နေရာအား လုံးဝသွားမရအောင် မြေတူးစက်ဖြင့် ထပ်မံဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“တံတားထိပ်မှာ လမ်းကို ပိုပြီး တူးထားသေးတယ်။ လုံးဝဖြတ်မရတော့ဘူး။ အရင်က လမ်းဖြတ်ထားလို့ ရေထဲက ဆိုင်ကယ် ကူးရသေးတယ်။ အခုက အဲဒီလို ကူးမရအောင်ပါ အနက်ကြီး ထပ်တူးလိုက်တယ်” ဟု ခေါင်ပြန်ရွာခံတစ်ဦးက ပြောသည်။
လက်တလောတွင် ဇာဒီရွာအတွင်း စစ်အာဏာရှင်တပ်သားများ ဆက်ရှိနေသဖြင့် လျှပ်စစ်မီးနှင့် အင်တာနက် ဆက်သွယ်ရေး ပြန်ရနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကြောင်းဝင်လာချိန်တိုင်း ဇာဒီရွာကို လျှပ်စစ်မီးပြန်တပ်ဆင်ပေးလေ့ရှိပြီး စစ်ကြောင်း ပြန်ထွက်ပါက လျှပ်စစ်မီး ကို ပြန်လည် ဖြတ်တောက်ပစ်ခဲ့လေ့ရှိကြောင်း ရွာသားများက ပြောဆိုသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဖြစ်ခဲ့သည့် ကံပေါက်ရေကန်တောင်တိုက်ပွဲပြီးနောက် ဇာဒီရွာကို စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ နေအိမ်နှစ်ဆယ်ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ ဖူးသေးသည်။
ယင်းနောက် ဇာဒီရွာသားများသည် ရွာလုံးကျွတ် စစ်ဘေးရှောင်နေရသည်မှာ ယခုဒီဇင်ဘာလတွင် တစ်နှစ်ပြည့်ပြီ ဖြစ်ကြောင်း ရွာသားများထံမှ သိရသည်။







