ထားဝယ်ခရိုင်တွင် ရာသီပေါ်စ ဆန်ကြမ်း စပါးဈေးမှာ တစ်တင်းလျှင် ကျပ်ရှစ်ထောင်ကျော်သာ ရရှိသဖြင့် ယခင်နှစ်ကထက် ၅၀ ရာခိုင်နှုန်းခန့် စျေးကျဆင်းနေကြောင်း လယ်သမားအချို့က ပြောသည်။
စပါးရိတ်သိမ်းပြီးစ နိုဝင်ဘာလကုန်နှင့် ဒီဇင်ဘာလသည် စပါးပေါ်စ ရာသီဖြစ်ပြီး ဇီယာဆန်ကြမ်းစပါးနှင့် ဧည့်မထဆန်ကြမ်းစပါးဈေးသည် ပြီးခဲ့သည့်နှစ်ကထက် ထက်ဝက်နီးပါး လျော့ကျနေသည်။
ပြီးခဲ့သည့်နှစ်က ဆန်ကြမ်းစပါးတစ်တင်းသည် ရာသီပေါ်စတွင် ၁၅၀၀၀ ကျပ်ရရှိခဲ့ပြီး နောက်ပိုင်းတွင် တစ်တင်းကို ၁၈၀၀၀ ကျပ်အထိဖြစ်ခဲ့သည်ဟု လယ်သမားအချို့က ပြောသည်။
ယခုနှစ်ရာသီပေါ်စတွင် ဆန်ကြမ်းစပါးဈေးမှာ တစ်တင်းကို ၈၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်သာရှိသည်ဟု ထားဝယ်နှင့် သရက်ချောင်းမြို့နယ်က လယ်သမားအချို့က ပြောသည်။
“ရန်ကုန်ဆန်တွေ တိုင်းထဲကို ဝင်ရပြီး ထားဝယ်က ဆန်က ရန်ကုန်ပို့မရဘူးဖြစ်နေတယ်။ ဆန်စပါးကုန်သည်များအသင်းက ပြောတာတော့ သူတို့လည်း တိုင်းအစိုးရ(စစ်ကော်မရှင်)ကို တိုင်းပြင်ပတင်ပို့ခွင့်ရအောင် ပြောထားတယ်ပြောတာပဲ။ တိုင်းအစိုးရဘက်ကပြောတာက ဒေသတွင်းဖူလုံရေးအတွက် တင်ပို့မရတာလို့ ပြောတယ်” ဟု ထားဝယ်မြို့က လယ်ဧက ရာချီလုပ်ကိုင်နေသည့် လယ်သမားတစ်ဦးက ပြောသည်။
စပါးရိတ်ခြွေစက် ငှားရမ်းခမှာလည်း ပြီးခဲ့သည့်နှစ်က တစ်ဧကလျှင် တစ်သိန်းခွဲရှိပြီး ယခုနှစ်တွင် ကျပ်တစ်သိန်းခုနှစ်သောင်းမှ တစ်သိန်းရှစ်သောင်းအထိ ပေးရသည်ဟု သရက်ချောင်းမြို့နယ် မင်းဒပ်ရွာက လယ်သမားတစ်ဦးက ပြောသည်။
အချို့ဒေသများတွင် စပါးဈေးအတက်အကျပေါ်မူတည်ပြီး ယခုနှစ် စပါးရိတ်ခြွေစက်ငှားရမ်းခမှာ တစ်ဧကကို ကျပ်တစ်သိန်းခွဲရှိသည်ဟု လယ်သမားအချို့က ပြောသည်။
“အဓိကတော့ ရန်ကုန်ကို တင်ပို့မရတာပေါ့၊ အထက်ဆန်က ထားဝယ်ဆင်းရတယ်၊ ထားဝယ်ကဆန်က ရန်ကုန်တင်မရဘူးလို့ ကြားတယ်၊ အခုစပါးဈေးနဲ့ လယ်သမားတွေ တွက်ခြေမကိုက်ဘူး၊ ဈေးမရှိဘူးဆိုတာထက် အခုက ဝယ်သမားကိုမရှိဖြစ်နေတယ်”ဟု အထက်ပါ လယ်သမားက ပြောသည်။
ပြီးခဲ့သည့်နှစ်က လယ်ထွန်စက်ငှားရမ်းခမှာ ကျပ်တစ်သိန်းသုံးသောင်းခန့်ရှိပြီး ယခုနှစ်တွင် ကျပ်တစ်သိန်းလေးသောင်းမှ တစ်သိန်းခွဲအထိ ရှိသည်ဟု လယ်သမားအချို့က ပြောသည်။
ပျိုးစပါးခ၊ လယ်ထွန်စက်ငှားရမ်းခ၊ ဓာတ်မြေဩဇာဖိုး၊ စပါးရိတ်ခြွေခနှင့် အခြားအလုပ်သမားငှားရမ်းရသည့် စရိတ်များပေါင်းလျှင် ထုတ်လုပ်မှုစရိတ်ကြီးပြီး စပါးဈေးမရှိသဖြင့် လယ်သမားများ အရှုံးပေါ်သည်ဟု ထားဝယ်မြို့က လယ်ဧကရာချီလုပ်ကိုင်နေသည့် လယ်သမားတစ်ဦးက ဆိုသည်။
ထားဝယ်ခရိုင်တွင် ဆန်ကြမ်းစပါးကိုသာ အဓိကစိုက်ပျိုးကြပြီး ဆန်ချောစိုက်ပျိုးထုတ်လုပ်မှု နည်းပါးသည်။
ဒေသထွက် ဆန်အကြမ်းကို ကြက်စာ၊ ဘဲစာ၊ ဝက်စာ၊ ဆန်ဖြင့်ပြုလုပ်သည့် မုန့်တီခြောက်နှင့် အခြားကုန်ကြမ်းထုတ်လုပ်ရာတွင် အသုံးပြုရန် ရန်ကုန်သို့ တင်ပို့ရောင်းချပြီး ရန်ကုန်က ဆန်ချောကို တိုင်းအတွင်းက ဒေသခံများ ပြန်လည်ဝယ်ယူစားသောက်ကြသည်။
တိုင်းအတွင်း တစ်မြို့နယ်နှင့် တစ်မြို့နယ် ဆန်တင်ပို့ခွင့်ကို စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်များက ပိတ်ထားသဖြင့် (ရန်ကုန်)ဆန်ချောဝယ်ယူမရသည့် ဒေသများတွင် ဒေသထွက် ဆန်ကြမ်းစပါးကို အဓိကအားထား၍ စားသောက်နေရသည်။
ဒေသတွင်း ဆန်ကြမ်း စိုက်ပျိုးထုတ်လုပ်မှုနှင့် စားသုံးမှုကွာဟချက်ရှိပြီး ပိုလျှံသည့် ဆန်စပါးကို တိုင်းပြင်ပကို တင်ပို့မရသဖြင့် စပါးဈေးကျလာခြင်းဖြစ်သည်ဟု လယ်သမားအချို့က သုံးသပ်သည်။







