ရန်ကုန်မြို့နှင့် ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့များသို့ ပြေးဆွဲသည့် လေယာဉ်လက်မှတ်ဈေးနှုန်းများ မြင့်တက်နေပြီး ယင်းအနက် ရန်ကုန်-ထားဝယ် လေယာဉ်လက်မှတ်စျေးမှာ အမြင့်ဆုံးဖြစ်နေကြောင်း စုံစမ်းသိရသည်။
စက်တင်ဘာလ လလယ်ခန့်က ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ရန်ကုန်-ထားဝယ် လေယာဉ်လက်မှတ်ဈေးနှုန်းမှာ ကျပ်တစ်သိန်းခွဲ နီးပါးအထိ မြင့်တက်သွားကြောင်း လေယာဉ်လက်မှတ်ရောင်းချသူများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ လလယ်ခန့်က ရန်ကုန်-ထားဝယ် လေယာဉ်လက်မှတ် နှုန်းထားမှာ ကျပ် ၃၆၀၀၀၀ ဝန်းကျင်သာ ရှိသော်လည်း လက်ရှိတွင်မူ အမြင့်ဆုံး ၅၁၀၀၀၀ ကျပ်အထိ ရှိနေကြောင်း ၎င်းတို့က ဆိုသည်။
“(ရန်ကုန်-ထားဝယ်က) ဈေးနှစ်မျိုးရှိတယ်။ လေးသိန်းကျော်က တစ်မျိုး၊ ငါးသိန်းကျော်က တစ်မျိုး။ ဆယ်လပိုင်းထဲမှာ ဈေးတွေ တက်သွားတာ” ဟု ထားဝယ်မြို့ရှိ လေယာဉ်လက်မှတ်ရောင်းချသူတစ်ဦးက ပြောသည်။
ထားဝယ်-ရန်ကုန် လက်မှတ်ဈေးလည်း ကျပ်သောင်းဂဏန်းမြင့်တက်နေပြီး လတ်တလောတွင် တစ်စောင်လျှင် လေးသိန်းကျပ် ဝန်းကျင်တွင် ရှိကြောင်း ၎င်းက ပြောဆိုသည်။
လေကြောင်းလိုင်းများက တစ်နိုင်ငံလုံးရှိ လေယာဉ်လက်မှတ်ဈေးနှုန်းများကို မြှင့်တင်လိုက်သဖြင့် ယခုကဲ့သို့ ဈေးတက်သွားခြင်းဖြစ်ကြောင်း လေယာဉ်လက်မှတ်ရောင်းချသူများထံမှ သိရသည်။
Dawei Watch က ဆက်သွယ်မေးမြန်းခဲ့သည့် တနင်္သာရီတိုင်းရှိ လေယာဉ်လက်မှတ်ရောင်းချသူသုံးဦးကမူ လေကြောင်းလိုင်းဘက်က မည်သည့်အကြောင်းအရင်းကြောင့် ဈေးနှုန်းမြှင့်တင်လိုက်သည်ကို တိတိကျကျမသိဟု ဆိုသည်။
“သူတို့လေကြောင်းလိုင်းတွေဘက်ကနေ လက်မှတ်ဈေးနှုန်းအသစ်တွေကို စာနဲ့အကြောင်းကြားတာပဲရှိတယ်။ ဘာဖြစ်လို့ ပြောင်းလိုက်တာလဲဆိုတာတော့ ကျွန်မလည်း မမေးမိဘူး။ ကြားရတာကတော့ သူတို့မှာလည်း ဟိုစာရိတ်၊ ဒီစာရိတ်တွေ အရမ်းတက်နေလို့ဆိုပြီး ပြောနေကြတာတော့ရှိတယ်”ဟုမြိတ်မြို့ရှိ လေယာဉ်လက်မှတ်ရောင်းချသူတစ်ဦးကပြောသည်။
ကော့သောင်းမြို့သို့ သွားမည့် လေယာဉ်လက်မှတ်များမှာ လတ်တလောတွင် ပြတ်လပ်နေပြီး ဒီဇင်ဘာလ ဒုတိယအပတ်အထိ လက်မှတ်ကုန်နေကြောင်း လေယာဉ်လက်မှတ်အရောင်းဆိုင်အချို့ထံမှ သိရသည်။
“ရန်ကုန်-ကော့သောင်းရော၊ ထားဝယ်-ကော့သောင်းရော လက်မှတ်တွေ ကုန်နေတယ်။ အနီးစပ်ဆုံး ရနိုင်တာကတော့ ဒီဇင်ဘာ ၇ ရက်၊ ၈ ရက်လောက်မှ ရလိမ့်မယ်” ဟု လေယာဉ်လက်မှတ်ရောင်းချသူ ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။
ရန်ကုန်-ကော့သောင်း ဈေးနှုန်းမှာလည်း စက်တင်ဘာလက ကျပ် ၈၇၃၀၀၀ ဝန်းကျင်သာ ရှိသော်လည်း လတ်တလောတွင် ကျပ်သုံးသောင်းကျော်မြင့်တက်ကာ ကိုးသိန်းကျပ်ကျော် ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
အလားတူ ထားဝယ်-ကော့သောင်း လက်မှတ်ဈေးနှုန်းလည်း ကျပ် ၂၅၀၀၀ မြင့်တက်နေပြီး လတ်တလောတွင် ၅၁၀၀၀၀ ကျော် ဈေးပေါက်နေကြောင်း လေယာဉ်လက်မှတ်ရောင်းချသူများထံမှ သိရသည်။
ကော့သောင်းမြို့သို့ လေကြောင်းဖြင့်သွားလျှင် လေယာဉ်လက်မှတ်စရိတ်အပြင် လမ်းရှင်းကြေးဟုဆိုကာ စစ်ကော်မရှင် ဌာနဆိုင်ရာ ဝန်ထမ်းများကိုလည်း ကျပ်သိန်းဂဏန်း ထပ်မံပေးဆောင်ရသေးကြောင်း ခရီးသည်အချို့က ပြောဆိုထားသည်။
လတ်တလောတွင် ကော့သောင်းမြို့သို့သွားရန် ကုန်လမ်းတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ခရီးသည်များမှာ အခက်အခဲကြုံနေရကြောင်း ၎င်းတို့က ဆိုသည်။
“ကားနဲ့လည်း မသွားရဲဘူး။ လေယာဉ်လက်မှတ်ကလည်း ဒီလကုန်တဲ့အထိ စောင့်ရမှာဆိုတော့ ရေလမ်းကနေပဲ စပိဘုတ်နဲ့ သွားရမလား စဉ်းစားနေတယ်” ဟု လတ်တလော ကော့သောင်းမြို့ကို ခရီးသွားရန်စီစဉ်နေသူတစ်ဦးက ပြောသည်။
မြိတ်-ရန်ကုန် အသွားပြန်ခရီးစဉ်မှာလည်းမြင့်တက်နေပြီး ၅၅၀၀၀၀ နှင့် ၆၀၀၀၀၀ ကျပ်ကြားရှိနေကြောင်း သိရသည်။
လတ်တလေားတွင် နိုဝင်ဘာလ ၁၅ ရက်နေ့အထိ မြိတ် – ရန်ကုန် ခရီးစဉ်အသွားအပြန်လက်မှတ်ကုန်နေသည်ဟုလည်းဆိုသည်။
တနင်္သာရီတိုင်းသို့ ပြေးဆွဲနေသည့် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (MAI) ကလည်း နိုဝင်ဘာလ ၁ ရက်မှစပြီး လေယာဉ်လက်မှတ်ဈေးကို တိုးမြှင့်သတ်မှတ်ထားကြောင်း လေယာဉ်လက်မှတ်ရောင်းချနေသူတို့ထံမှ သိရသည်။







