ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လူငယ်များ သေကြောင်းကြံရန် တွန်းအားပေးမှုဖြင့် Tik Tok ကို ပြင်သစ်အာဏာပိုင်များ စစ်ဆေး

November 5, 2025

ဓာတ်ပုံ - REUTERS

သုံးစွဲသူ လူငယ်များအား မိမိကိုယ်မိမိ အဆုံးစီရင်ရန် တွန်းပို့နေသည့် အန္တရာယ်များနှင့် ဆက်စပ်၍ Tik Tok ကုမ္ပဏီနှင့် ၎င်း၏ လူမှုကွန်ရက်ပလက်ဖောင်းအယ်လ်ဂိုရစ်သမ်များကို ပြင်သစ်တရားရေးအာဏာပိုင်များက စုံစမ်းစစ်ဆေးမှု စတင်လိုက်ပြီ ဖြစ်သည်။

သုံးစွဲသူလူငယ်များ၏ အသက်အန္တရာယ်ထိခိုက်စေမှုနှင့် ပတ်သက်၍ Tik Tok ကုမ္ပဏီတွင် တာဝန်ကင်းမကင်းဆိုသည့်အပေါ် ပြင်သစ်ပါလီမန်ကော်မတီ၏ တောင်းဆိုချက်အရ ယင်းသို့ စုံစမ်းစစ်ဆေးရခြင်းဖြစ်ကြောင်း ပါရီအစိုးရရှေ့နေချုပ်က ဆိုသည်။

Tik Tok ၏ အကြောင်းအရာ စိစစ်ထိန်းချုပ်မှုမလုံလောက်ခြင်း ၊ အရွယ်မရောက်သေးသူများကပါ အလွယ်တကူ ဝင်ရောက်သုံးစွဲနိုင်ခြင်း ၊ မိမိကိုယ်ကို အဆုံးစီရင်ရန် တွန်းအားပေးနိုင်သည့် ရှုပ်ထွေးသည့် အယ်လ်ဂိုရစ်သမ်တို့ကို ပြင်သစ်ပါလီမန်ကော်မတီ၏ အစီရင်ခံစာတွင် ထောက်ပြထားသည်။

ယင်းနှင့် ပတ်သက်၍ Tik Tok ကုမ္ပဏီဘက်က တစုံတရာ မှတ်ချက်ပေးပြောဆိုခြင်း မရှိသေးကြောင်း Reuters သတင်းတွင် ဖော်ပြသည်။

၂၀၂၄ ခုနှစ်တွင် မိသားစုခုနစ်စုက ၎င်းတို့၏ ကလေးများကို ကိုယ့်ကိုယ်ကို သေကြောင်းကြံရန် တွန်းအားပေးသည့် အကြောင်းအရာများနှင့် Tik Tok က ထိတွေ့ခွင့်ပေးထားသည်ဟုဆိုကာ စွဲချက်တင်ခဲ့သည်။

ယင်းနောက်ပိုင်းတွင် ထွက်ပေါ်လာသည့် အဆိုပါ ပြင်သစ်ပါလီမန်ကော်မတီ၏ အစီရင်ခံစာက သုံးစွဲသူလူငယ်များအပေါ် Tik Tok ၏ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုများကို စိစစ်သုံးသပ်ရန် ရည်ရွယ်သည်။

အဆိုပါ ပါလီမန်ကော်မတီဥက္ကဋ္ဌက Tik Tok သည် သုံးစွဲသူများ၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေကြောင်း စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့ပြီး အဆိုပါ ကိစ္စရပ်ကို တရားရုံးသို့ လွှဲပြောင်းခဲ့သည်။

ယင်းမှာ ၎င်းတို့အပေါ် တမင်သက်သက် အပြစ်ပုံချခြင်းဖြစ်ကြောင်း Tik Tok ကုမ္ပဏီဘက်က ထိုအချိန်က တုံ့ပြန်ပြောဆိုခဲ့သည်။

Source: Reuters