ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ယူကေတွင် ဆေးလိပ်ထက် Vape သုံးစွဲသူ ပိုများလာ

November 5, 2025

ဓာတ်ပုံ - Getty Images

နိုင်ငံအတွင်း အသက် ၁၆ နှစ်အထက် အရွယ်ရောက်ပြီးသူများအကြား ဆေးလိပ်သောက်သူအရေအတွက်ထက် အီးစီးကရက် ခေါ် Vape သုံးစွဲသူ အရေအတွက်က ပိုများလာကြောင်း ယူကေအစိုးရက ထုတ်ပြန်လိုက်သည်။

ယင်းမှာ ယူကေတွင် ဆေးလိပ်သောက်သူ အရေအတွက်ထက် vape သုံးစွဲသူအရေအတွက်က ပထမဆုံးအကြိမ် ကျော်တက်လာခြင်း ဖြစ်သည်။

စစ်တမ်းအရ ၂၀၂၄ ခုနှစ်အတွင်း ယူကေတွင် အရွယ်ရောက်ပြီးသူ ၅ ဒသမ ၄ သန်းခန့်သည် Vape သုံးစွဲမှုကို နေ့စဉ် သို့မဟုတ ရံဖန်ရံခါ ပြုလုပ်လျက်ရှိပြီး အရွယ်ရောက်ပြီးသား ဆေးလိပ်သောက်သူအရေအတွက်မှာ ၄ ဒသမ ၉ သန်းသာ ရှိကြောင်း သိရသည်။

Vape နေ့စဉ်သုံးစွဲမှုကို အသက် ၂၅ နှစ်မှ ၄၉ နှစ်အကြား အရွယ်အပိုင်းအခြား၌ အများဆုံး တွေ့ရပြီး အမျိုးသမီးများအကြား Vape နေ့စဉ်သုံးစွဲမှုမှာလည်း မြင့်တက်လာနေသည်။

ဆေးရွက်ကြီး၏ ဆိုးကျိုးများကြောင့် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ယူကေတွင် ဆေးလိပ်သောက်သုံးမှုအရေအတွက် လျော့ကျလာခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြသည်။

တပြိုက်နက်တည်းမှာပင် ဆေးလိပ်လောက် အန္တရာယ်မများသည့် Vape သုံးစွဲမှုမှာ လူငယ်အုပ်စုများအကြား ပိုမိုတိုးပွားလာနေသည်။

ဆေးလိပ်မီးရှို့သည့်အခါ အဆိပ်အတောက်ဖြစ်စေနိုင်သည့် ဓာတုပစ္စည်းထောင်ပေါင်းများစွ ထုတ်လွှတ်ပေးပြီး ယင်းတို့မှာ ကင်ဆာဖြစ်စေနိုင်သည့်အတွက် Vape သုံးစွဲမှုက ဆေးလိပ်သောက်ခြင်းလောက် အန္တရာယ်မများဟု ယူကေအမျိုးသား ကျန်းမာရေးဝန်ဆောင်မှုဌာနက ဆိုသည်။

သို့သော် Vape သုံးစွဲခြင်း၏ ရေရှည်ဆိုးကျိုးသက်ရောက်မှုများကို တိတိပပ မသိရသေးသည့်အတွက် ကလေးသူငယ်များနှင့် ဆေးလိပ်မသောက်တတ်သူများအနေဖြင့် Vape သုံးစွဲမှုကို လုံးဝ မပြုလုပ်သင့်ဟု ဆိုသည်။

ယင်းအပြင် vape တွင်ပါသည့် ဓာတုပစ္စည်းများအပေါ် မူတည်ပြီး ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေမှု ရှိသဖြင့် မိမိဝယ်သုံးသည့် ဆေးရည်တွင် မည်သည့်ဓာတုပစ္စည်းများပါသည်ကို သတိထားကြည့်ရှုရန်လိုကြောင်း၊ ပါဝင်ပစ္စည်းမရေးထားသော ဆေးရည်များမှာ အဆိပ်ဖြစ်စေနိုင်သဖြင့် ဝယ်ယူမသုံးသင့်ကြောင်း ဆရာဝန်များက အကြံပြုထားသည်။

Source: BBC

ဓာတ်ပုံ – Getty Images