BREAKING
October 18, 2025

သရက်ချောင်း တောင်ပျောက်တိုက်နယ်ကို စစ်အာဏာရှင်တပ် လေယာဥ်ဖြင့်ဗုံးကြဲ၊ ထိခိုက် ဒဏ်ရာရသူများရှိ

October 5, 2025

ပုံစာ - ထားဝယ်မြို့ ကောင်းကင်ယံတွင်ပျံသန်းနေသော ရဟတ်ယာဥ် တစ်စီးအား ရွှေတောင်စားစေတီအနီး တွေ့ရစဥ် (ပုံဟောင်း)။ Photo - Dawei Watch.

သရက်ချောင်းမြို့နယ် ၊ တောင်ပျောက်တိုက်နယ် အတွင်းရှိ သဲချောင်းကြီးကျေးရွာကို စစ်အာဏာရှင်တပ်က ယနေ့ အောက်တိုဘာလ ၅ ရက် ညနေပိုင်းတွင် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည် ။

ရွာလယ်သို့ ဗုံးသီးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး စားသောက်ဆိုင်တစ်ဆိုင်အနီး ကျရောက်ပေါက်ကွဲကာ ကလေးငယ်တစ်ဦး ၊ သက်ကြီးပိုင်း အမျိုးသမီး တစ်ဦး အပါအဝင် ငါးဦးဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည် ။

ကလေးသည် ဒဏ်ရာပြင်းထန်ပြီး သက်ကြီးပိုင်း အမျိုးသမီး လည်း ကျည်စထိမှန် ဒဏ်ရာကြောင့် ​ခြေတစ်ဖက် ဖြတ်ရဖွယ်ရှိကြောင်း ဒဏ်ရာရသူများကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည် ။

နောက်ဆက်တွဲ အခြေအနေများကို Dawei Watch အနေဖြင့် အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

သဲချောင်းကြီးကျေးရွာ ဝန်းကျင် တွင် စစ်အာဏာရှင်တပ်ဘက်က စစ်ကြောင်းထိုးနေခြင်းမရှိသလို နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေခြင်းလည်း မရှိကြောင်း ​ဒေသခံများနှင့် တော်လှန်ရေး အင်အားစု များကဆိုသည် ။

သို့သော် သရက်ချောင်းမြို့နယ် အတွင်းရှိ ကျောက်လှေကားရွာဝန်းကျင်တွင်မူ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုရှိကာ စစ်ရေးတင်းမာနေကြောင်း ဒေသတွင်း စစ်ရေး သတင်းအရင်းအမြစ်များထံမှသိရသည်။