BREAKING
October 18, 2025

ထားဝယ်ထောင်တွင် နိုင်ကျဥ်းတစ်ဦး သေဆုံး

October 5, 2025

ဓာတ်ပုံ - Dawei Watch

ထားဝယ်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသားအမျိုးသားတစ်ဦးသည် လုံလောက်သည့် ဆေးဝါးကုသမှုမရသဖြင့် ရောဂါအခြေအနေဆိုးဝါးပြီးသေဆုံးကြောင်း ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) အောက်တိုဘာလ ၄ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါနိုင်ငံရေးအကျဉ်းသားသည် ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာမှ အသက် ၄၈နှစ်အရွယ် ကိုအောင်ကိုဦးဖြစ်ပြီး ထားဝယ်ဆေးရုံကြီး အကျဥ်းသားကုသဆောင်တွင် ဆေးကုသနေရင်း အောက်တိုဘာလ ၃ ရက် ညပိုင်း တွင် နှလုံးအမောဖောက်ကာ သေဆုံးကြောင်း DPPN ထံမှ သိရသည်။

အကျဥ်းကျခံနေရစဥ် ကိုအောင်ကိုဦးသည် ကျန်းမာရေးအခြေအနေဆိုးရွားလာပြီး မကြာခဏ ဆေးရုံတက်ရောက်နေရသူဖြစ်ကာ ကုသမှုခံယူခွင့်ရသော်လည်း လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရခဲ့သဖြင့် ရောဂါအခြေအနေ ပိုမိုဆိုးဝါးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကိုအောင်ကိုဦးသည် စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်ကတည်းက ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅-က အပြင် ဖောက်ခွဲရေး ပြစ်မှု ပုဒ်မများဖြင့် ထောင်ဒဏ် ၈ နှစ်အမိန့်ချထံထားရသူဖြစ်သည်။

လျှော့ရက်များခံစားခွင့်များဖြင့် လာမည့် ၂၀၂၆ ခုနှစ်တွင် ပြန်လွတ်မြောက်မည့်သူဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသား၏ မိသားစုအသိုင်းအဝိုင်းထံမှသိရသည်။

ဦးအောင်ကိုဦးသည် ဆန္ဒပြသပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့ပြီးနောက် ရှင်မုတ္ထီးရွာက နေအိမ်မှာ စစ်ကော်မရှင် လက်အောက်ခံတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ရှင်မုတ္ထီးရွာက အမျိုးသမီးတစ်ဦးက ဆိုသည်။

“မနက်ဖြန် မီးသင်္ဂြိုဟ်မယ်လို့ ပြောတယ်။ အလောင်းကတော့ ထားဝယ်ဆေးရုံကြီးမှာပဲ။ သူ့မှာအရင်ကတည်းက ဆီးချိုရောဂါရှိတယ်။ လျှော့ရက်တွေ ဘာတွေနဲ့ဆိုတော့ အခုလာမယ့် ၂၀၂၆ သင်္ကြန်လောက်ဆို ပြန်လွတ်မယ်လို့ ကြားတယ်” ဟု ၎င်းက ပြောသည်။

ထားဝယ်အကျဥ်းထောင်တွင် ၂၀၂၃ ခုနှစ် နှင့် ၂၀၂၄ ခုနှစ် တို့တွင် ဆရာဝန်တစ်ဦး ကွယ်လွန်ကာ ဆေးမှူးတစ်ဦး CDM လုပ်ပြီးနောက်ပိုင်းတွင် လိုအပ်သည့် ဝန်ထမ်းအရေအတွက် ပြန်လည်ဖြည့်တင်းနိုင်ခြင်းမရှိကြောင်း DPPN အဖွဲ့ဝင်တစ်ဦး က ပြောသည် ။

“ဆေးမှူး အသစ်တစ်ယောက်ပဲ ထပ်ရောက်လာတယ်။ အကျဥ်းသား ဦးရေနဲ့ ကျန်းမာရေး ဝန်ထမ်းက မလုံလောက်ဘူး။ အမျိုးသမီးဆောင်ဘက်မှာဆိုရင်လည်း အမျိုးသမီး သူနာပြုအကူ မရှိနေဘူး” ဟု ၎င်းကပြောဆိုသည် ။

ထားဝယ်အကျဥ်းထောင်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသည့် နိုင်ငံရေး အကျဥ်းသားများထဲတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသူနိုင်ငံရေးအကျဥ်းသားသုံးဦးအထိ ရှိပြီဖြစ်ကြောင်း DPPN၏ မှတ်တမ်းများအရ သိရသည်။