BREAKING
October 31, 2025

ထားဝယ်အရှေ့တော ဝကုန်းရွာတွင် တိုက်ပွဲရက်ဆက်ဖြစ်ပွား

September 5, 2025

စစ်အာဏာရှင်တပ်က ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာကို စက်တင်ဘာလ ၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် လေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် ယနေ့အချိန်အထိ နှစ်ဖက်တိုက်ပွဲ ရက်ဆက်ဖြစ်ပွားနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ထားဝယ်မြို့ ပကာရီကျေးရွာဘက်မှ ကျောက်မဲတောင်၊ မေတ္တာမြို့ဘက်သို့ ဦးတည်ထွက်ခွာလာသည့် စစ်အာဏာရှင်တပ်ယာဉ်တန်းကို လမ်းတစ်လျှောက်တွင် တော်လှန်ရေးပူးပေါင်းတပ်များက လိုက်လံ ပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်သည်။

ယင်းယာဉ်တန်းသည် ဩဂုတ်လ ၁၅ ရက်နေ့ကတည်းက စတင်ထွက်ခွာလာပြီး သင်္ကန်းတုန်းကျေးရွာအနီးတွင် တိုက်ခိုက်ခံရသဖြင့် ကားအချို့ပျက်စီးကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုလည်းရှိခဲ့သည်။

ယင်းသို့တိုက်ခိုက်ခံရသဖြင့် ရှေ့မဆက်နိုင်ဘဲ သင်္ကန်းတုန်းရွာတွင် ငါးရက်ခန့်သောင်တင်ပြီးနောက် ဝကုန်းရွာသို့ ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

“အဲဒီယာဉ်တန်းက သင်္ကန်းတုန်းမှာ ငါးရက်လောက်ကြာပြီးတာနဲ့ ဝကုန်းကိုနည်းနည်းအလွန် ၂၃ မိုင်လောက်မှာ ၂၅ မိုင်ကိုတောင်မရောက်သေးဘူး။ အဲဒီကိုရောက်နေတာဆို အခုဆို ၁၀ ရက်လောက်ရှိနေပြီပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်များက ယာဉ်တန်းအားပိတ်ဆို့တိုက်ခိုက်နေသဖြင့် ရှေ့ဆက်မရဘဲဖြစ်နေရာ စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် လေယောဉ်ဖြင့် ‌ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

ထိုနေ့က စစ်အာဏာရှင်တပ်သည် ဝကုန်းကျေးရွာ ဘိုးတိုးပွားမိုင်းလမ်းဆုံအနီးသို့ လေယာဉ်ဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

“သူတို့ယာဉ်တန်းက ရှေ့ဆက်မရဘဲ ဒီနားမှာပဲ တိုက်ပွဲဖြစ်နေတဲ့အခါကျတော့ လေယာဉ်နဲ့ဗုံးလာကြဲတာ။ လူထိခိုက်မှုတော့မရှိဘူး” ဟု ဒေသခံတစ်ဦးကဆိုသည်။

ထိုကဲ့သို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက်ပိုင်းလည်း ဝကုန်းကျေးရွာအနီးတွင် နှစ်ဖက်တိုက်ပွဲ ယနေ့အချိန်အထိ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံအချို့က ပြောသည်။

“တိုက်ပွဲက ပစ်လိုက်နားလိုက် နေ့တိုင်းဖြစ်နေတယ်။ ( စက်တင်ဘာ ၃ ရက်နေ့) လေယာဉ်နဲ့ဗုံးကြဲပြီးကတည်းကဆိုရင်ကို လေးငါးကြိမ်ဖြစ်နေပြီ။ ပစ်လိုက်နားလိုက်ဖြစ်နေကြတာ။ ဒီနေ့လည်း ပစ်ကြသေးတယ်” ဟု အထက်ပါဒေသခံက ဆက်လက်ပြောဆိုသည်။

အနီးအနားရှိ ဒေသခံများမှာမူ ဩဂုတ်လ ၁၅ ရက်နေ့ကတည်းက ထွက်ပြေး‌တိမ်းရှောင်နေကြရသည်မှာ ယနေ့အပါအဝင် ရက် ၂၀ ကျော်နေပြီဖြစ်ကြောင်း သိရသည်။

စစ်အာဏာရှင်တပ်ဖွဲ့ဝင်များသည့် ဝကုန်းရွာရှိ အရပ်သားနေအိမ်များကို ရိုက်ဖျက်ပြီး ဝင်ရောက်နေထိုင်နေကြကြောင်းလည်း ဆိုသည်။

တော်လှန်ရေးပူးပေါင်းတပ်ဘက်ကလည်း စစ်အာဏာရှင်တပ်သားများကို ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်နေကြောင်း ဒေသခံတို့ကပြောသည်။

“အိမ်တွေလည်း ရစရာမရှိတော့ဘူး။ ပျက်စီးကုန်ပြီ” ဟု ဝကုန်းဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်အာဏာရှင်တပ်သည် ၎င်းတို့၏ စစ်ယာဉ်တန်းရှေ့ခရီးဆက်နိုင်ရေးအတွက် လေကြောင်းပစ်ကူကို တောက်လျှောက်အသုံးပြုနေသော်လည်း တော်လှန်ရေးပူးပေါင်းတပ်တို့၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ထင်သလောက်ရှေ့မဆက်နိုင်ဘဲ ဖြစ်နေကြောင်း ဒေသခံများ ထံမှ သိရသည်။