BREAKING
October 24, 2025

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ရဟု သားဖြစ်သူဆို

September 5, 2025

ဓာတ်ပုံ - ANP/AFP/Getty

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ ဆိုးရွားလာနေကြောင်း ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက သတိပေးပြောဆိုလိုက်ကာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကြားဝင်ကူညီဆောင်ရွက်ပေးရန် တောင်းဆိုလိုက်သည်။

မြန်မာစစ်အုပ်စုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အရေးပေါ်ဆေးဝါးကုသခွင့်ပေးရန်လည်း ၎င်းက တောင်းဆိုလိုက်သည်။

မိခင်ဖြစ်သူအပေါ် မြန်မာစစ်တပ် ဆက်ဆံနေပုံမှာ “ရက်စက်၍ အသက်အန္တရာယ် စိုးရိမ်ရကြောင်း” ၎င်းက ရှုတ်ချပြောဆိုခဲ့သည်။

အသက် ၈၀ အရွယ် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးကျန်းမာရေးပြဿနာမှာ ပိုမိုဆိုးရွားလာနေကြောင်း ကင်အဲရစ် (ခ) ကိုထိန်လင်းက လန်ဒန်အခြေစိုက် The Independent သတင်းဌာနကို ပြောကြားခဲ့သည်။

“ကျွန်တော့်အမေရဲ့ ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာနေတယ်လို့ ကြားသိရတာဟာ အင်မတန် စိတ်ထိခိုက်စရာ ကောင်းပါတယ်” ဟု ၎င်းက ဆိုသည်။

“သူမမှာ နဂိုကတည်းက နှလုံးကျန်းမာရေးပြဿနာအခံ ရှိနေတယ်။ အဲဒါက လက်ရှိ သူမ ထိန်းသိမ်းခံထားရတဲ့ အခြေအနေတွေကြောင့် ပိုဆိုးရွားလာခဲ့တယ်ဆိုတာက သံသယရှိစရာမလိုဘူး။ အကျဉ်းထောင်ပြင်ပက နှလုံးရောဂါဆရာဝန်နဲ့ တွေ့ခွင့်ရဖို့ သူမဘက်က တောင်းဆိုထားပါတယ်။ ဒါပေမဲ့ ဒါကို ခွင့်ပြုပေးသလားဆိုတာ သိရဖို့ နည်းလမ်း ကျွန်တော့်မှာ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

“သူမဟာ အသက် ၈၀ ရှိနေပြီး ဂရုတစိုက် စောင့်ရှောက်မှုကို လိုအပ်နေပါတယ်။ အရေးကြီးဆုံးအချက်ကတော့ သူမဟာ ပြန်လည်လွတ်မြောက်လာဖို့ လိုအပ်နေပါတယ်။ သူမတိုင်းပြည်ရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် ရပ်တည်တာကြောင့် နိုင်ငံရေးအကျဉ်းသား ဖြစ်နေစရာ မလိုပါဘူး။ သူမရဲ့ လွတ်မြောက်မှုအတွက် လမ်းကြောင်းတစ်ခု ကူညီရှာဖွေပေးဖို့ ကမ္ဘာကြီးကို ကျွန်တော် တောင်းဆိုပါတယ်” ဟု ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ဆိုသည်။

မြန်မာစစ်အုပ်စုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ယူကေနိုင်ငံခြားရေးဝန်ကြီးဟောင်း William Hague ကလည်း တောင်းဆိုထားသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးသင့်တဲ့အချိန်ကို ရောက်နေပြီ။ သူမကို မှန်ကန်တဲ့ ဆေးဝါးကုသခွင့် ချက်ချင်းပေးဖို့ဆိုတာဟာ ကျင့်ဝတ်ပိုင်းအရရော ၊ လူသားချင်းစာနာထောက်ထားမှုပိုင်းအရရော လုပ်ကိုလုပ်ရမယ့်အရာပဲ” ဟု ၎င်းက The Independent သတင်းဌာနကို ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် ယူကေနိုင်ငံခြားရေးဝန်ကြီးဟောင်း သုံးဦးက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး အတူတကွ တောင်းဆိုခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မဟုတ်မှန်သည့် စွဲချက်များဖြင့် အင်မတန်ဆိုးရွားသည့်အခြေအနေတွင် အကျဉ်းချခံနေရခြင်းဖြစ်ပြီး ချက်ချင်းပြန်လွှတ်ပေးရမည်ဟု ၎င်းတို့က တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာရှင်တပ်က အာဏာသိမ်းခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးခေါင်းဆောင်များကို မတရားဖမ်းဆီး အကျဉ်းချထားသည်။

Source: The Independent