တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်အာဏာရှင်တပ်က ကုန်ပစ္စည်းတင်သွင်းခွင့် ပိတ်ပြီးနောက်ပိုင်း အမျိုးသမီး လစဉ်သုံးပစ္စည်း ရှားပါးပြီး စျေးတက်လာကြောင်း ဒေသခံအချို့က ပြောသည်။
ယခုနှစ် မတ်လကစပြီး တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများကို စစ်အာဏာရှင်တပ်က ကုန်စည်တင်သွင်းခွင့် ပိတ်ထားပြီးနောက် အမျိုးသမီးလစဉ်သုံး ပစ္စည်းရှားပါးလာကြောင်း ၎င်းတို့က ဆိုသည်။
ထို့ကြောင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများ အပါအဝင် ကုန်ပစ္စည်းများသယ်ယူရာတွင် နည်းလမ်းမျိုးစုံသုံးကာ အဆင့်ဆင့် သယ်ဆောင်နေရသဖြင့် စျေးတက်လာကြောင်း သဘော့လိပ်ရွာရှိ ကုန်စုံရောင်းသူတစ်ဦးက ပြောဆိုသည်။
တစ်ရွာလုံးနီးပါး စစ်ဘေးရှောင်နေကြရသည့် ထုံမခါရွာ၊ ညောင်ပင်ကွင်းရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာသုံးရွာ စုစုပေါင်း ကျေးရွာငါးရွာက စစ်ဘေးရှောင်အမျိုးသမီးများသည် အမျိုးသမီးလစဉ်သုံး ပစ္စည်းများကို သဘော့လိပ်နှင့် တကူရွာတို့တွင် သွားရောက်ဝယ်ယူသုံးစွဲရကြောင်း အဆိုပါစစ်ဘေးရှောင်များထံမှ သိရသည်။
ကုန်ပစ္စည်းတင်သွင်းခွင့် မကန့်သတ်မီက သဘော့လိပ်ရွာတွင် Pinky အမျိုးအစား လစဉ်သုံးတစ်ထုပ်လျှင် ကျပ် ၂၀၀၀ ဖြင့်ဝယ်ယူနေရာက လက်ရှိတွင် ၂၈၀၀ကျပ်၊ Blue တစ်ထုပ်လျှင် ၁၇၀၀ကျပ်မှ ၂၂၀၀ကျပ်အထိ ဈေးတက်သွားကြောင်း စစ်ဘေးရှောင် အမျိုးသမီးအချို့က ပြောသည်။
ထိုကြောင့် အမျိုးသမီးလစဉ်သုံးကို အပြင်သွားသည့်အချိန်တွင်သာ သုံးစွဲတော့ကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ဆိုသည်။
“သိပ်မဝယ်သုံးဖြစ်တော့ဘူး။ ပွဲတွေနဲ့ အပြင်သွားရတဲ့အခါမျိုးပဲ သုံးဖြစ်တော့တယ်။ လိုအပ်နေတဲ့ ပစ္စည်းမို့ စျေးကြီးလည်း ဝယ်နေရတာမျိုး ရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

တကူကျေးရွာအုပ်စုတွင်လည်း အမျိုးသမီးလစဉ်သုံး ပစ္စည်းများ ဈေးတက်လာကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ကုန်ပစ္စည်းတင်သွင်းခွင့် မကန့်သတ်မီက တကူရွာတွင် pinky တစ်ထုပ်ကို ၂၅၀၀ကျပ်ရှိရာမှ ယခု ၃၅၀၀ကျပ်၊ blue တစ်ထုပ်ကို ၂၀၀၀ကျပ်မှ ၃၀၀၀ကျပ်ဖြင့် ဝယ်ယူနေရကြောင်း ဒေသခံများက ဆိုသည်။
တနင်္သာရီတိုင်းအတွင်းရှိ တော်လှန်ရေးအားကောင်းသည့် ဒေသများကို စစ်အာဏာရှင်တပ်က စားနပ်ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီနှင့် လူသုံးကုန်ပစ္စည်းများ တင်ဆောင်ခွင့်ကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသည်။