တနင်္သာရီမြို့နယ် လယ်တောင်ယာရွာတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်အာဏာရှင်တပ်တို့ တစ်ရက်အတွင်းတိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ဩဂုတ်လ ၄ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် စစ်အာဏာရှင်ယာဉ်တန်းဖြတ်သန်းရန် လယ်တောင်ယာရွာရှိ ပြည်ထောင်စုလမ်းပေါ် လမ်းကင်းယူပေးနေသည့် တပ်သားများနှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။
ထိုနောက် နေ့လယ်တွင် လမ်းကင်းယူထားသည့် စစ်အာဏာရှင်တပ်နှင့် တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့သလို ညနေဘက်တွင် လမ်းကင်း၊ ယာဉ်တန်းနှင့်ပါ တိုက်ပွဲတစ်ကြိမ် အဆိုပါရွာအနီးတွင်ပင် ထပ်ဖြစ်ခဲ့ကြောင်း အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။
“ယာဉ်တန်းနဲ့က တစ်ကြိမ်ဖြစ်တယ်။ တနင်္သာရီမြို့ကနေ လက်နက်ကြီး အကူပစ်တယ်”ဟု ၎င်းက ပြောသည်။
တနင်္သာရီမြို့ဘက်မှလာသည့် ကား ၈ စီးပါ စစ်အာဏာရှင်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်များက လယ်တောင်ယာရွာတွင် ညနေဘက် စောင့်ကြိုတိုက်ခိုက်ရာ မိနစ်အနည်းငယ်အကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် နောက်တစ်ဦးက ဆိုသည်။
အဆိုပါပစ်ခတ်မှုတွင် ကားပေါ်ပါလာသည့် စစ်အာဏာရှင်တပ်သားများနှင့် အဆိုပါနေရာအနီး လမ်းကင်းယူထားသည့် စစ်အာဏာရှင်တပ်သားများနှင့်ပါ အပြန်အလှန်ပစ်ခတ်ကြကြောင်း ၎င်းကပြောသည်။
အဆိုပါပစ်ခတ်မှုများအတွင်း စစ်အာဏာရှင်တပ်သားများ ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း၊ တော်လှန်ရေးတပ်ဘက်ကမူ ထိခိုက်မှုမရှိကြောင်း အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။
စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်အာဏာရှင်တပ်သားများက လယ်တောင်ယာရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ညဘက်တွင် နေအိမ်များကို ရိုက်ဖွင့်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“နေ့ဘက် တိုက်ပွဲဖြစ်ကြတော့ ရွာသားတွေက ရှောင်တဲ့သူက ရှောင်သွားကြတယ်။ညဦးပိုင်းမှာ လက်နက်ကြီးရွာထဲကို ပစ်ပြီး လမ်းတစ်လျှောက်သေနတ်တွေ ပစ်တယ်။အိမ်တွေကို လိုက်ထုဖွင့်တယ်” ဟုအထက်ပါ ဒေသခံက ပြောသည်။
လယ်တောင်ယာရွာနေဒေသခံအချို့က ပစ်ခတ်မှုဖြစ်ပြီးနောက် ဘေးလွတ်ရာတိမ်းရှောင်သွားကြသူများရှိသလို အချို့ကမူ နေအိမ်အတွင်းမှာပင် ပုန်းအောင်းနေကြကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
စစ်အာဏာရှင်တပ်က လိုက်လံရိုက်ဖွင့်သည့် နေအိမ်များတွင် လူမရှိသဖြင့် အိမ်အတွင်းရှိ ဖုန်းများယူဆောင်သွားကြောင်း အထက်ပါဒေသခံက ပြောသည်။
ဇူလိုင်လ ၃၀ ရက် ည ၇ နာရီခန့်ကလည်း စစ်အာဏာရှင်တပ်က လယ်တောင်ယာရွာရှိ ပြည်သူ ၁၀ ဦးကို ဖမ်းဆီးသွားခဲ့သည်။