စစ်အာဏာရှင်တပ်က ဖမ်းသွားသည့် ရေဖြူမြို့နယ် နဘုလယ်ဒေသခံ အမျိုးသား ၄ ဦးသည် ဩဂုတ်လ ၄ ရက် ညနေ ၃ နာရီခန့်က ပြန်လွတ်လာခဲ့ကြောင်း ပြန်လွတ်လာသူများနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။
ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာအတွင်းရှိ ရေနက်ဆိပ်ကမ်း စစ်စခန်းသို့ ရောက်ရှိ နေသည့် စစ်အာဏာရှင်တပ်သည် ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက် နေ့ နံနက်စောစောပိုင်းတွင် နဘုလယ် ဒေသ ပရဒတ်ကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဒေသခံများကို တစ်ရွာဝင်တစ်ရွာထွက် ဖမ်းဆီးခဲ့ကြောင်း ဒေသခံမျာထံမှသိရှိ ရသည်။
စစ်အာဏာရှင်တပ် ဖမ်းဆီးခဲ့သည့် ဒေသခံများမှာ မယင်းကြီးရွာသား ၂ ဦးနှင့် ပရဒတ်ရွာသား ၆ ဦးတို့ဖြစ်ပြီး မယင်းကြီးရွာသား ၁ ဦး နှင့် ပရဒတ်ရွာသား ၃ ဦးတို့မှာ ဩဂုတ်လ ၄ ရက် ညနေပိုင်းက ပြန်လွတ်လာခဲ့ကြောင်း ပြန်လွတ်လာသူများနှင့် နီးစပ်သည့် ဒေသခံ တစ်ဦးကပြောသည်။
“သူတို့တပ်ကိုဝင်တဲ့ လမ်းမသိအောင် မျက်နှာပိတ်ပြီး ခေါ်သွားတယ်လို့ ပြောတယ်။ နောက်ပြီး PDF တွေကိုမြင်ဖူးလား ဘယ်လိုသွားလာနေကြလဲ သူတို့စခန်းတည်နေရာ တွေကိုသိလား သူတိုစခန်းဘယ်နားမှာရှိလဲ ဆိုပြီး မေးတယ်လို့လည်းပြောတယ်”ဟု ယင်းဒေသခံက ပြန်လွတ်လာသူများ၏ ပြောစကားကို ပြန်ပြောပြသည်။
စစ်အာဏာရှင် တပ်သည် ဩဂုတ်လ ၂ ရက် နေ့က နဘုလယ်ဒေသရှိ မယင်းကြီး၊ ပရဒတ်ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် ဒေသခံ ၂၀ ခန့်ကို ကနဦးဖမ်းဆီးပြီးနောက် သက်ကြီးပိုင်းနှင့် အမျိုးသမီးများကို ပြန်လွတ်ကာ အထက်ပါ ဒေသခံ ၈ ဦးကို ရေနက်ဆိပ်ကမ်း စစ်စခန်းဆီသို့ ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်သည်။
“သူတို့ကို မျက်စိပိတ်ပြီးထားတာပေါ့နော်။ ကြိုး နဲ့ ရိုက်တယ်လို့ ပြောတယ်။ ပြန်လွှတ်တဲ့ အချိန်မှာလည်း သူတို့ကို မျက်စိပိတ်ပြီးခေါ် ဆောင်လာတယ်လို့ ပြောတယ်”ဟု အထက်ပါ ဒေသခံကပြောသည်။
စစ်အာဏာရှင်တပ်၏ ဖမ်းဆီးခြင်းခံရသူ နဘုလယ် ဒေသခံ ၈ ဦး၌ မြင်းကြီးရွာသား ၁ ဦးနှင့် ပရဒတ်ရွာသား ၃ ဦးတို့မှာ ယနေ့ ညနေအထိ ပြန်လွတ်လာကြခြင်းမရှိကြသေးကြောင်း နဘုလယ် ဒေသခံများထံမှသိရှိ ရသည်။
အဆိုပါ စစ်အာဏာရှင်တပ်သည် ရေဖြူမြို့နယ်ရှိ ထာဝယ်အထူးစီးပွားရေးဇုန်သို့ အင်အားဖြည့်ရန်လာချိန် ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက် နေ့တွင် ပန်းတင်အင်း ကျေးရွာရှိ ကွက် သစ်ရပ်ကွက်၌ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
လက်ရှိ ရေနက်ဆိပ်ကမ်း စစ်စခန်းတွင် ယင်းစစ်ကြောင်းက ဖမ်းဆီးထားသည့် ဒေသခံများမှာ လောင်းလုံး ဒေသခံ ၂၀ နီးပါးနှင့် နဘုလယ် ဒေသခံ ၄ ဦး ရှိပြီး ၎င်းဒေသခံများမှာ ယနေ့ ညနေပိုင်းအထိ ပြန်လွတ်မြောက်လာခြင်း မရှိကြသေးပေ။