ထားဝယ်မြို့ပေါ်တွင် သြဂုတ် ၄ ရက် ညက လူငယ် ၁၀ ကျော်ကို စစ်မှုထမ်းအတွက် စစ်အာဏာရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံအချို့က ပြောသည်။
ရှမ္မလည်ဆွဲရပ်ကွက်က ငါးဦး၊ တလိုင်းထိန်ရပ်ကွက်က တစ်ဦး၊ ဥဿရံရပ်ကွက်က ငါးဦး ဖမ်းဆီးခံရကြောင်း အဖမ်းခံရသူများနှင့် နီးစပ်သူသုံးဦးက Dawei Watch သို့ ပြောဆိုသည်။
စစ်အာဏာရှင်တပ်ဖွဲ့ဝင်များက အမည်စာရင်းအတိအကျဖြင့် နေအိမ်အထိ လာရောက်ဖမ်းဆီးပြီး ခေါ်ဆောင်သွားကြောင်း ရှမ္မလည်ဆွဲရပ်ကွက်တွင် အဖမ်းခံရသူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“အိမ်ထဲအထိ ဝင်ဆွဲပြီးမှ (စစ်မှုထမ်း) ဆင့်ခေါ်စာ ပေးထားခဲ့တာ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက အာဏာတည်ကြောင်း ကြေညာခဲ့သည့် စစ်မှုထမ်းဥပဒေအရအူ စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့ခံရပြီးမှသာ သက်ဆိုင်ရာ တပ်ရင်းဆီ လူကိုယ်တိုင်သွားရောက်သတင်းပို့ပြီး စစ်မှုထမ်းသင်တန်းတက်ရမည်ဖြစ်သည်။
စစ်အာဏာရှင်တပ်၏ ကာကွယ်ရေးဦးစီးချုပ်ရုံး ကက(ကြည်း)ကလည်း လိုအပ်နေသည့် တပ်သားသစ်များစုဆောင်း ရရှိနိုင်ရေးအတွက် စစ်မှုထမ်း တပ်သား စုဆောင်းခြင်းကို ‘စစ်ဆင်ရေးသဖွယ်’ ဆောင်ရွက်သွားရန် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်အပါအဝင် စစ်တိုင်းများကို ဇူလိုင်လအတွင်းက ညွှန်ကြားထားကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။
ထို့ကြောင့် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ကလည်း ၎င်း၏ လက်အောက်ခံတပ်ရင်းများကို ထပ်ဆင့်ညွှန်ကြားထားသည်။
လက်ရှိတွင် စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့ခံရသည့် ထားဝယ်မြို့ရှိ လူငယ်အများအပြား တိမ်းရှောင်သွားကြသဖြင့် ဦးစွာ ဖမ်းဆီးပြီးမှသာ စစ်မှုထမ်းရမည်ဟုဆိုကာ မိသားစုဝင်များထံ ဆင့်ခေါ်စာပေးပို့လေ့ရှိကြောင်း မြို့ခံအချို့က ဆိုသည်။
ဥဿရံရပ်ကွက်တွင် ဖမ်းဆီးခံရသူများတွင်မူ စစ်မှုထမ်းဥပဒေအရ အသက်အကျုံးမဝင်တော့သည့် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးပါဝင်နေကြောင်း အဆိုပါရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောဆိုသည်။
“စာရင်းကောက်ခံထားရတဲ့သူတွေ ပါသွားတာ။ အရင်ကတော့ စာရင်းကောက်ထားပြီးရင် ဘယ်အချိန် (စစ်မှုထမ်းရမလဲ) ဘယ်အချိန်ဆိုတာ သတင်းပို့တာ။ အခုက စာရင်းယူထားပြီး ရုတ်တရက်သွားဆွဲတာ” ဟု ၎င်းက ပြောသည်။
လက်ရှိအဖမ်းခံရသူအများစုမှာ အသက် ၂၀ မှ ၂၅ နှစ်အကြားရှိ လူငယ်အမျိုးသားများဖြစ်ကြပြီး ဧည့်စာရင်းဖြင့် နေထိုင်သူများမဟုတ်ဘဲ ထားဝယ်မြို့ အိမ်ထောင်စုစာရင်းဖြင့် နေထိုင်သူများဖြစ်ကြောင်း စုံစမ်းသိရသည်။
ထို့အပြင် ကြက်စားပြင်ရပ်ကွက်နှင့် ကမ်းနားလမ်းဘက်တွင်လည်း စစ်မှုထမ်းအတွက် ဖမ်းဆီးရသူများရှိကြောင်း ပြောဆိုနေကြပြီး အသေးစိတ်ကို အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။
ကြက်စားပြင်ရပ်ကွက်တွင် ဩဂုတ်လ ၄ ရက်ညက အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီး ငါးဦးကို စစ်အာဏာရှင် တပ်သားများက နေအိမ်များတွင် လာရောက်ဖမ်းဆီးသွားကြောင်း ပြောဆိုကြသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။
“ကမ်းနားလမ်းမှာက ဂိတ်ချပြီးဆွဲတာ မဟုတ်ဘူး။ လမ်းသွားလမ်းလာတွေကို အရပ်ဝတ်နဲ့ ရုတ်တရက်ထဆွဲတာ” ဟု မျက်မြင်သက်သေအချို့၏ ပြောပြချက်ကို ကိုးကားပြီး ဥဿရံရပ်ကွက်နေ အထက်အမျိုးသားက ပြောသည်။
စစ်ကောင်စီတပ်က စစ်မှုထမ်းအတွက် အဓမ္မဖမ်းဆီးစုဆောင်းထားသူများကို ထားဝယ်မြို့ သပြေချောင်းတပ်နယ်ရှိ အမှတ် ၄၀၁ ခြေမြန်တပ်ရင်းတွင် စုဆောင်းထားလေ့ရှိပြီး ထိုမှတစ်ဆင့် ပလောက်မြို့ရှိ အမှတ် ၁၂ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းထံ ရေလမ်းဖြင့် ပို့ဆောင်လေ့ရှိကြောင်း စုံစမ်းသိရသည်။
လက်ရှိတွင် စစ်အာဏာရှင်တပ်က စစ်မှုထမ်းအပတ်စဉ်၁၅ ကို တနင်္သာရီတိုင်းအတွင်း သင်တန်းပေးနေပြီဖြစ်သည်။