လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာတိုက်ပွဲအတွင်း လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိသူ ငါးဦးအနက် အမျိုးသား တစ်ဦးမှာ ထားဝယ်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် ယနေ့ နံနက်ပိုင်းတွင် သေဆုံးကြောင်း ဒေသခံများက ပြောသည်။
သေဆုံးသူမှာ ပန်းတင်အင်းရွာသား အသက် ၆၀ ကျော်အရွယ် ဦးစံဦးဖြစ်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်နေချိန် ပုန်းခိုနေသည့် နေရာအနီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“လက်နက်ကြီးကျည်စက ဗိုက်မှာထိတယ်။ ဆေးရုံမှာပဲ ဒီနေ့ဆုံးသွားတာ။ ရွာကို သယ်ပြီး ဒီနေ့ပဲသင်္ဂြိုဟ်လိုက်တယ်” ဟု ၎င်းက ပြောဆိုသည်။
ပန်းတင်အင်းကျေးရွာတွင် စစ်အဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား ဇူလိုင်လ ၂၉ ရက်တွင် တိုက်ပွဲ ၁၀နာရီကျော်ကြာ အပြင်းအထန် ဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲအတွင်း ဒေသခံတစ်ဦးကိုလည်း စစ်အာဏာရှင်တပ်က ပစ်ခတ်သဖြင့် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းအပြင် ထိုတိုက်ပွဲအတွင်း တော်လှန်ရေးတပ်သားတစ်ဦးလည်း သေဆုံးခဲ့သလို စစ်အာဏာရှင်တပ်သားများလည်း အများအပြား သေဆုံးခဲ့ကြောင်း တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည် တော်လှန်ရေးတပ်ဖွဲ့အသီးသီး၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
နှစ်ဘက်တိုက်ပွဲဖြစ်ပြီးနောက် ဇူလိုင်လ ၃၀ ရက်တွင် စစ်အာဏာရှင်တပ်သည် ပန်းတင်အင်းကျေးရွာ ဒေသခံ ၁၈ ဦးကို ဖမ်းဆီးကာ ရေဖြူမြို့နယ် ထားဝယ် ရေနက်ဆိပ်ကမ်းရှိ ယာယီစစ်စခန်းသို့ ဆုတ်ခွာသွားခဲ့သည်။
အဆိုပါဒေသခံ ၁၈ ဦးမှာ ယနေ့ ဩဂုတ်လ ၅ ရက်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။