BREAKING
October 19, 2025

ထိုင်းတွင် ပိုကာကစားနည်းကို တရားဝင်ခွင့်ပြုရန် လက်မှတ်ထိုး

August 5, 2025

ထိုင်းနိုင်ငံတွင် ပိုကာ(ဖဲ)ကစားနည်းကို ထိန်းချုပ်မှုများအောက်မှ တရားဝင်အဖြစ် ခွင့်ပြုပေးရန် ယာယီဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး Phumtham Wechayachai က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း ဩဂုတ်လ ၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ပိုကာ (Poker) ကစားနည်းကို အားကစားတစ်ခုအဖြစ် မြှင့်တင်ပြီး နိုင်ငံတကာပြိုင်ပွဲများပါ ကျင်းပလာနိုင်ရေး ရည်ရွယ်၍ ယခင်သတ်မှတ်ထား‌သော စည်းမျဉ်းများကို ပယ်ဖျက်ရန် ပြည်ထဲရေးဝန်ကြီးက လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်သည်။

ပိုကာကစားနည်းကို လောင်းကစားဥပဒေအရ ၁၉၅၈ ခုနှစ်ကတည်းက ပိတ်ပင်ထားခြင်းဖြစ်ပြီး ယင်းဥပဒေကို ဖျက်သိမ်းကြောင်းကို ယာယီဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး Phumtham Wechayachai က လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

ပိုကာကစားနည်းကို တရားမဝင်ဖြစ်မှုမှ ပယ်ဖျက်ရန် လက်မှတ်ရေးထိုးပြီးဖြစ်သော်လည်း တရားဝင် သတ်မှတ်နိုင်ရေး ထိလွယ်ရှလွယ်ဖြစ်သဖြင့် ပြန်လည်သုံးသပ်ရမည့် ဥပဒေများကို အဆင့်လိုက် ဆက်လက်ဆွေးနွေးရဦးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Phumtham Wechayachai က ပြောသည်။

အကယ်၍ ပိုကာကစားနည်းကို အားကစားတစ်ခုအနေဖြင့် သတ်မှတ်လိုက်ပါက သင့်တော်သော ဥပဒေ အကန့်အသတ်များ ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာပြိုင်ပွဲများကို ကျင်းပလိုပါကလည်း ကန့်သတ်ထားသော ဥပဒေအတားအဆီးများကို ဖယ်ရှားရန် လိုအပ်မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

လက်ရှိတွင် ပိုကာကစားနည်းကို တရားမဝင် ဖြစ်မှုမှ ပယ်ဖျက်နေစဉ်ကာလဖြစ်ပြီး တရားဝင် ခွင့်ပြုပေးရန် ဥပဒေကန့်သတ်ချက်များကို ဆက်လက်ရေးဆွဲ ဆောင်ရွက်နေဆဲဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

ယခုပြောင်းလဲမှုသည် လောင်းကစားနည်းများကို အဆင့်မြှင့်တင်ခြင်းမဟုတ်ဘဲ နိုင်ငံတကာအားကစား စံချိန်စံညွှန်များနှင့်အညီသာ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် လောင်းကစား စွဲလမ်းမှုကို အားပေးအားမြှောက်ခြင်းမဟုတ်ဘဲ တရားဝင် ဖြစ်စေရန် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဝန်ကြီးက ရှင်းလင်းပြောဆိုသည်။

နိုင်ငံတကာပြိုင်ပွဲများတွင် ပိုကာကစားနည်းကို တရားဝင် ခွင့်ပြုထားသည်မှာ ဆယ်စုနှစ်တစ်ခုရှိနေပြီဖြစ်ပြီး မိမိနိုင်ငံတွင်လည်း နိုင်ငံတကာကစားနည်းများကို လက်ခံကျင်းပလိုပါက အဆင့်တစ်ခုချင်းအလိုက် ဥပဒေဘောင်အတွင်းက အကန့်အသတ်ဖြင့် ခွင့်ပြုရမည်ဖြစ်ကြောင်း ဆိုသည်။

ယင်းအတွက် ဥပဒေကိုလည်း ဂရုတစိုက် ပြန်လည်ပြင်ဆင်ရမည်ဖြစ်သလို ကော်မတီအဖွဲ့က ဥပဒေကြမ်းတစ်ခုကို ပြင်ဆင်ရေးဆွဲရမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

Ref: Bangkok Post, The Nation Thailand