သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်က ဝင်းဝရဲစခန်းက စစ်အာဏာရှင်တပ်သားနှစ်ဦး ဘက်ပြောင်း ခိုလှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ထားသည်။
အသက် ၂၀အရွယ် တပ်သားမောင်ဇော်ဇော်နှင့် အသက် ၄၂နှစ်အရွယ် တပ်သားမောင်မင်းစိုးတို့နှစ်ဦးသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်-KNLA တပ်ရင်း ၁၂ တပ်မဟာ (၄) ထံ ဩဂုတ်လ ၄ ရက်တွင် ဘက်ပြောင်းခိုလှုံလာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၎င်းတို့နှင့်အတူ MA-1 သေနတ် တစ်လက်၊ MA-2 သေနတ် တစ်လက်၊ ကျည်ဘောက် ရှစ်ခု၊ ကျည်ဆံ ၄၀၀ ပါလာကြောင်း ဖော်ပြသည်။
၎င်းတို့မတိုင်မီ ဘက်ပြောင်းခိုလှုံလာသူ တပ်သား မောင်ကျော်ကျော်၏ ချိတ်ဆက်ကူညီမှုဖြင့် ဘက်ပြောင်းလာခြင်း ဖြစ်ကြောင်း ဆိုသည်။
ထို့ကြောင့် ချိတ်ဆက်ကူညီခဲ့သူ တပ်သားမောင်ကျော်ကျော်ကို ကျပ်သိန်း ၂၀၊ မောင်ဇော်ဇော်နှင့် မောင်မင်းစိုးတို့နှစ်ဦးကို ကျပ်သိန်း ၄၀ စီ ဆုချီးမြှင့်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘက်ပြောင်းခိုလုံလာသူနှစ်ဦးသည် ခလရ ၄၀၃ တပ်ရင်းက စစ်အာဏာရှင်တပ်သားများဖြစ်ပြီး ဝင်းဝစခန်းတွင် တာဝန်ကျနေသူများဖြစ်ကြောင်းKNU ထံမှ သိရသည်။
ဩဂုတ်လ ၄ ရက် ညဦးပိုင်းတွင် ဝင်းဝစခန်းက စစ်အာဏာရှင်တပ်သားနှစ်ဦး ထွက်ပြေးသဖြင့် စစ်အာဏာရှင် တပ်ဖွဲ့ဝင်များသည် ဝင်းဝရွာကို တစ်အိမ်တက်တစ်အိမ်ဆင်း ဝင်ရောက်ရှာဖွေခြင်း၊ အရပ်သားများကို စစ်ဆေးမေးမြန်းခြင်းများပြုလုပ်ခဲ့သည်။
ယင်းသို့ ပိုက်စိပ်တိုက်ရှာဖွေစဉ် အသက် ၆၀ ကျော်အရွယ် ဦးသန်းစိုးကို ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် သေဆုံးခဲ့သည်။
ယင်းနောက် ဒေသခံ ၂၀ ကျော်ကို ဝင်းဝစခန်းကိုပြန်ဆုတ်စဉ် ဖမ်းဆီးထိန်းသိမ်းခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းပြီးနောက် အားလုံးကိုပြန်လွှတ်ခဲ့သည်။