BREAKING
October 20, 2025

ရေဖြူမြို့အနီးတိုက်ပွဲဖြစ် ခရီးသွားဒေသခံများ ပိတ်မိ

August 5, 2025

ရေဖြူမြို့အနီး စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား ယနေ့ (ဩဂုတ် ၅) နံနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်နေ၍ ခရီးသွားဒေသခံများပိတ်မိနေကြောင်း ဒေသခံများနှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

ကလိန်အောင်-ထားဝယ်လမ်းပိုင်းရှိ ရေဖြူမြို့အဝင်၌ရှိသော အမှတ် ၄၀၇ နှင့် အမှတ် ၄၀၆ စစ်အာဏာရှင်တပ်တို့အနီးတွင် ယနေ့ နံနက် ၇ နာရီဝန်းကျင်ခန့်မှစ၍ တိုက်ပွဲဖြစ်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ခုထိ ဖြစ်နေတုန်းပဲရှိသေးတယ်။ ၄၀၇ တပ်နားမှာပါ” ဟု ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ၎င်းဒေသခံက ပြောသည်။

တိုက်ပွဲကြောင့် ဒေသခံခရီးသွားများနှင့် ခရီးသည်တင်းကားများ ရေဖြူမြို့အတွင်း ရပ်နားစောင်ဆိုင်းနေကြရကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးကပြောသည်။

တိုက်ပွဲကြောင့်ထိခိုက်မှု အခြေအနေနှင့် တိုက်ပွဲဖြစ်စဉ်ကို Dawei Watch မှစုံစမ်းနေဆဲ ဖြစ်သည်။

ရေးထားဝယ်လမ်းပိုင်းအတွင်း စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား ဇူလိုင်လ နှောင်းပိုင်းမှ၍နှစ်ဘက်စစ်ရေး တင်မာလျက်ရှိပြီး ဩဂုတ်လ ၄ ရက် ယမန်နေ့ မွန်းလွဲပိုင်းကလည်း ရေဖြူမြို့နယ် ရေး-ထားဝယ် လမ်းပိုင်းရှိ ကော့လှိုင်ရွာတွင် နှစ်ဘက်ပစ်ခတ်မှုဖြစ်ခဲ့သေးသည်။