BREAKING
October 19, 2025

ပုလော ဒေသခံများထံ တော်လှန်ရေးတပ် အယောင်ဆောင်ပြီး ငွေလိမ်

August 5, 2025

ပုံစာ - ပုလောစစ်ကြောင်း-၁ အယောင်ဆောင်၍ ငွေလိမ်တောင်းခံသည့်စာ။

ပုလောမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်ပိုင်ရှင်၊ လုပ်ငန်းရှင်များနှင့် ဒေသခံအချို့ထံ တော်လှန်ရေးအဖွဲ့အယောင်ဆောင်ပြီး ယခု လဆန်းပိုင်းတွင် Viberဖြင့် ဆက်သွယ်ပြီး ငွေလိမ်လည်တောင်းခံနေကြောင်း ငွေလိမ်တောင်းခံရသူများ၏ တိုင်ကြားချက် ကို ကိုးကား၍ ပုလောမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ထုတ်ပြန်သည်။

ပုလောစစ်ကြောင်း-၁ အမည်ကို အသုံးပြု၍ စစ်ရေး၊ အုပ်ချုပ်ရေး ရန်ပုံငွေအတွက် ငွေကျပ်သုံးသိန်းကို သြဂုတ်လ ၅ရက် ညနေ ၃နာရီ နောက်ဆုံးထား၍ ထည့်ဝင်ရန်တောင်းခံခြင်းဖြစ်ကြောင်း ပုလော ပကဖ၏ သြဂုတ် ၄ရက်တွင် ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

မထည့်ဝင်ပါက ပဋိပက္ခအခြေအနေများအတွင်း နေအိမ်၊ လုပ်ငန်းနှင့် အကျိုးစီးပွားများ၏ လုံခြုံရေးတာဝန်ယူမည် မဟုတ်ဟု ခြိမ်းခြောက်ကာ လိမ်လည်ငွေတောင်းခံကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပုလောစစ်ကြောင်း- ၁ သည် ၂၀၂၄ ခုနှစ် မေလ ၂၆ ရက်ကတည်းက စစ်ကြောင်းအား ဖျက်သိမ်း၍ ပုလော ပကဖ ၏ မြို့နယ်တိုက်ခိုက်ရေးအဖွဲ့ ပြောင်းလဲဖွဲ့စည်းထားကြောင်း ပုလော ပကဖ ထံမှ သိရသည်။

ယင်းကြောင့် ပုလောစစ်ကြောင်း-၁ အနေဖြင့် မရှိတော့သလို ယင်းစစ်ကြောင်း အမည်ဖြင့် ဖွင့်လှစ်ထားသည့် လူမှုကွန်ရက် များလည်း ပြောင်းလဲပြင်ဆင်ပြီးဖြစ်ကြောင်း ယင်းစစ်ကြောင်းတွင် တာဝန်ထမ်းဆောင်ဖူးသည့် ရဲဘော်များက ပြောသည်။

ပုလောစစ်ကြောင်း-၁ အမည်ဖြင့် ရန်ပုံငွေတောင်းခံခြင်းသည် လိမ်လည်ငွေတောင်းခံနေခြင်းသာဖြစ်ပြီး ယင်းသို့ လိမ်လည် ငွေတောင်းခံသည့် Viberနံပါတ် (+959793908479) ကို အရေးယူနိုင်ရန် ဆက်လက်စောင့်ကြည့်နေကြောင်း ပုလော ပကဖ၏ မြို့နယ်တိုက်ခိုက်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အရင်ကတော့ သာမန်ပြည်သူအချင်းချင်း လိုက်လိမ်နေပေမယ့် အခုကတော့ တော်လှန်ရေးအဖွဲ့တွေ အယောင်ဆောင်ပြီး လိမ်လည်နေတဲ့ လူလိမ်တစ်ယောက်ဖြစ်စေ အများ(အဖွဲ့အစည်း) ဖြစ်စေ စုံစမ်းစစ်ဆေးသိရှိပါက ထိရောက်စွာ အရေးယူမယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ ပုလော ပကဖထံ ဆက်သွယ်မေးမြန်းရာ ပုလောစစ်ကြောင်း-၁ ကို ဖျက်သိမ်းပြီး မြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ အဖြစ် ဖွဲ့စည်းထားပြီးဖြစ်သဖြင့် ယင်းစစ်ကြောင်းအမည်ဖြင့် ငွေတောင်းခံပါက ပုလော ပကဖ ၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း ပြန်လည်ဖြေကြားသည်။

အလားတူ ဖြစ်စဥ်အနေဖြင့် ယခုနှစ်မေလတွင် တနင်္သာရီ ပကဖ အယောင်ဆောင်၍ တစ်ကြိမ် ၊ ဇွန်လတွင် ထားဝယ်ခရိုင် တပ်ပေါင်းစု အယောင်ဆောင်၍ တစ်ကြိမ် ခြိမ်းခြောက်ငွေလိမ်တောင်းသည့် ဖြစ်စဥ်များရှိခဲ့သည်။

ယင်းဖြစ်စဥ်များနှင့် ယခုဖြစ်စဥ် တို့တွင် Viber မှ စာပေးပို့ခြင်း ၊ စာအရေးအသား ပုံစံ နှင့် တောင်းခံသည့် ငွေပမာဏများ အားလုံးနီးပါးတူနေပြီး တစ်ကြိမ်နှင့် တစ်ကြိမ် ငွေတောင်းခံသည့် Viber နံပါတ်များမှာမူ မတူညီကြကြောင်း တွေ့ရသည်။

ယခုတစ်ကြိမ် ပေးပို့သည့် စာတွင်မူ ယခင်နှစ်ကြိမ်နှင့်မတူသည်မှာ ယုံကြည်မှုအခက်အခဲရှိပါက ညဆယ်နာရီနောက်ပိုင်း Video call ခေါ်ဆို၍ အတည်ပြုနိုင်သည်ဟု ဖော်ပြသည်။

အဆိုပါ ဖြစ်စဥ်များသည် ငွေရလိုမှု တစ်ခုတည်းမဟုတ်ဘဲ စစ်ကော်မရှင်ဘက်က ရည်ရွယ်ချက်ရှိရှိဖြင့် တော်လှန်ရေး ပုံရိပ်ကို ဖျက်လို၍ လုပ်ဆောင်နေခြင်းလည်းဖြစ်နိုင်ကြောင်း အထက်ပါမြို့နယ် တိုက်ခိုက်ခံရေးအဖွဲ့ တာဝန်ခံက ဆိုသည်။

တော်လှန်ရေးအဖွဲ့အမည်ဖြင့် ငွေကြေးတောင်းခံပါက သက်ဆိုင်ရာအဖွဲ့အစည်းများထံ တိုက်ရိုက်မေးမြန်း စိစစ်အတည်ပြုရန် လိုအပ်ကြောင်း တော်လှန်အင်အားစုများက တိုက်တွန်းထားသည်။