BREAKING
October 19, 2025

ဂါဇာအတွက် အကူအညီများကို ကနေဒါအစိုးရက လေယာဉ်ပေါ်မှ ချပေး

August 5, 2025

ပုံစာ - ဂါဇာတွင် အကူအညီပစ္စည်းများ ချပေးနေသည့် ကနေဒါလေယာဉ်ပေါ်မှ မြင်ကွင်းကို ဩဂုတ်လ ၄ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Reuters

အစ္စရေးစစ်တပ်၏ ၂၂ လနီးပါးကြာ တိုက်ခိုက်မှုဒဏ်ခံစားနေရသည့် ဂါဇာတွင် လူသားချင်းစာနာမှု အကူအညီများကို လေယာဉ်ပေါ်မှချပေးခဲ့ကြောင်း ကနေဒါအစိုးရက ဩဂုတ်လ ၄ ရက်နေ့တွင် ပြောဆိုသည်။

အရေးတကြီး လိုအပ်နေသည့် လူသားချင်းစာနာမှုအကူအညီပစ္စည်း အလေးချိန် ၂၁၆,၀၀ ပေါင်ကို ကနေဒါစစ်တပ်မှ CC-130J Hercules လေယာဉ်ကို အသုံးပြုကာ ဂါဇာတွင် ချပေးခဲ့သည်ဟု ကနေဒါအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းမှာ ကနေဒါစစ်တပ်ပိုင်လေယာဉ်ကို သုံး၍ ဂါဇာတွင် ပထမဆုံးအကြိမ် လူသားချင်းစာနာမှုအကူအညီ လေကြောင်းမှ ချပေးခြင်း ဖြစ်ကြောင်း ကနေဒါမီဒီယာတစ်ခုက ဖော်ပြသည်။

အစ္စရေးအစိုးရသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်လျက်ရှိကြောင်းလည်း ကနေဒါအစိုးရက ဆိုလိုက်သည်။

ကနေဒါအပါအဝင် နိုင်ငံ ၆ နိုင်ငံက ဂါဇာဒေသခံများအတွက် စားနပ်ရိက္ခာအထုပ်အပိုး ၁၂၀ ခုကို လေကြောင်းမှ ချပေးခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောသည်။ ကျန် ၅ နိုင်ငံမှာ ဂျော်ဒန် ၊ အာရပ်စော်ဘွားများပြည်ထောင်စု ၊ အီဂျစ် ၊ ဂျာမဏီနှင့် ဘယ်လ်ဂျီယမ်တို့ ဖြစ်ကြောင်း သိရသည်။

အစ္စရေး၏ ကန့်သတ်ချက်များကြောင့် ဂါဇာတွင် လူသားချင်းစာနာမှုအကူအညီပေးရေး အေဂျင်စီများအတွက် စိန်ခေါ်မှုများစွာ ဖြစ်ပေါ်နေကြောင်း ကနေဒါအစိုးရ၏ တနင်္လာနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အကူအညီပေးရေးကို ပိတ်ဆို့နှောင့်ယှက်တာဟာ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေကို ချိုးဖောက်မှုတစ်ခု ဖြစ်တယ်။ ဒီလို လုပ်နေတာကို ချက်ချင်းအဆုံးသတ်ရမယ်”ဟု ယင်းထုတ်ပြန်ချက်က ဆိုသည်။

လာမည့် စက်တင်ဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂအစည်းအဝေးတွင် ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုရန် စီစဉ်နေကြောင်း ကနေဒါအစိုးရက ပြီးခဲ့သည့်အပတ်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ယင်းကြောင့် ဂါဇာတွင် အစုလိုက်အပြုံလိုက်ငတ်မွတ်မှုဘေး ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ အစ္စရေးအစိုးရအပေါ် ဖိအားပိုမိုကျရောက်လာစေသည်။

Source: Reuters