မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက်အထိ
စစ်ကောင်စီ တိုက်လေယာဉ်တစ်စင်း ပျက်ကျ

စစ်ကောင်စီတပ်က ပျောက်ဆုံးနေတဲ့ တိုက်လေယာဉ်ဟာ ကရင်နီ(ကယား) ပြည်နယ်၊ ဖားဆောင်းမြို့အနီးမှာ ပျက်ကျခဲ့တာကို တွေ့ရှိခဲ့ပါတယ်။
ဇူလိုင်လ ၁ရက်က တိုက်လေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းရာကနေ နေပြည်တော်ရဲ့ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာ အကွာမှာ ရေဒါမြင်ကွင်းကနေ ပျောက်ကွယ်ပြီး အဆက်အသွယ်ပြတ်တောက်ခဲ့တယ်လို့ စစ်ကောင်စီက ဇူလိုင်လ ၃ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ စက်ချို့ယွင်းတာ ဒါမှမဟုတ် ရုတ်တရက်ရာသီဥတု ဆိုးရွားတာကြောင့်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်လေယာဉ် ဖားဆောင်းမြို့အနီးပျက်ကျနေတာကို ဇူလိုင်လ ၃ရက်မှာပဲ ကရင်နီတော်လှန်ရေး အင်အားစုတွေက တွေ့ရှိခဲ့ပါတယ်။ တိုက်လေယာဉ်မှူးနှစ်ဦးလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက လေ့ကျင့်ပျံသန်းတယ်လို့ ဆိုထားပေမယ့် ကရင်နီတော်လှန်ရေးအင်အားစုတွေကတော့ တိုက်ခိုက်ရေးလာချိန်မှာ ပစ်ချခံရတာလို့ ပြောဆိုထားပါတယ်။
ဖားဆောင်းအခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ၁၃၄နဲ့ ၁၃၅ကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့တွေက ဇွန်လ ၂၅ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ချိန်ကနေ စစ်ကောင်စီက တိုက်လေယာဉ်လေးစင်းနဲ့ အပြန်းအထန်တိုက်ခိုက်နေတယ်လို့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်လေယာဉ် လေးစင်းထဲက တရုတ်ထုတ် FTC-2000G အမျိုးအစားတိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
FTC-2000G အမျိုးအစား တိုက်လေယာဉ်ဟာ စစ်ကောင်စီတပ်မှာ ၁၂စင်းဝယ်ယူထားပြီး လက်ရှိလေကြောင်းတိုက်ခိုက်မှု တွေမှာ အဓိက အသုံးပြုနေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းပြီးနောက် ရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေ ပျက်ကျတာ၊ ပစ်ချခံရတာကြောင့် ပျက်စီးဆုံးရှုံးတာ အစင်းရေ ၁၀ ကျော် ရှိလာပြီလည်း ဖြစ်ပါတယ်။
……………………………………..
ဖားဆောင်း ခရလ ၁၃၄ကို တော်လှန်ရေးအဖွဲ့တွေသိမ်းယူ၊ မိုးဗြဲကို စစ်ကောင်စီပြန်ထိန်းချုပ်

ကရင်နီ (ကယား) ပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် ခြေလျင်တပ်ရင်း အမှတ် ၁၃၄ ကို ကရင်နီတော်လှန်ရေး အင်းအားစုတွေ တိုက်ခိုက်သိမ်းယူလိုက်ပြီး မိုးဗြဲမြို့ကိုတော့ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်ပါတယ်။
ဖားဆောင်းမှာ ခလရ တပ်ရင်းနှစ်ခုကို ဇွန်လ ၂၅ရက်မှာ ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့တွေက စတင်တိုက်ခိုက် ခဲ့တာဖြစ်ပြီး ဇွန်လ ၃၀ရက်မှာတော့ တပ်မဌာနချုပ်ဖြစ်တဲ့ ခလရ ၁၃၄ ကို သိမ်းယူနိုင်ခဲ့တာပါ။ စခန်းသိမ်းတိုက်ပွဲမှာ ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သလို စစ်ကောင်စီ တပ်ဖွဲ့ဝင် များစွာ ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။ နောက်ထပ် ခလရ ၁၃၅ ကိုလည်း ဆက်လက်တိုက်နေကြဆဲဖြစ်ပါတယ်။ ခလရ ၁၃၅ ကို သိမ်းယူနိုင်ရင် ဖားဆောင်းမြို့ကို ထိန်းချုပ်နိုင်မှာပဲဖြစ်ပါတယ်။
အခြားတစ်ဖက်မှာတော့ ရှမ်းနဲ့ ကရင်နီအစပ်က ကရင်နီရဲ့ ဝင်ပေါက်လည်းဖြစ် စစ်ရေးအရရော၊ ကုန်စည်သယ်ဆောင်ရေး အတွက်ပါ အရေးပါပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ တစ်နှစ်ကျော်ကြာထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပအိုဝ်း PNO ပြည်သူ့စစ်နဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့သလို လေယာဉ်၊ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ အပြင်းအထန် ထိုးစစ်ဆင်ခဲ့တာပါ။ ထိုးစစ်ဆင်တိုက်ခိုက်ပြီး ခြောက်လကျော်အကြာ ဇူလိုင်လဆန်းမှာတော့ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
……………………………………..
ရုရှားဆီကနေ စစ်ကောင်စီ ရဟတ်ယာဉ် ထပ်ဝယ်ဖို့ရှိနေ

လေယာဉ်၊ ရဟတ်ယာဉ်ကဏ္ဍမှာ ရုရှားနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဘယ်လာရုစ်နိုင်ငံကအပြန် ရုရှားနိုင်ငံ အူလန်အူဒီမြို့မှာ လေယာဉ်နဲ့ မီးရထားစက်ရုံတွေကို သွားရောက်လေ့လာရာမှာ အခုလို ပြောဆိုခဲ့တာပါ။ လေယာဉ်နဲ့ မီးရထားကဏ္ဍနှစ်ခုစလုံးမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။ အူလန်အူဒီမြို့က ထုတ်တဲ့ ရဟတ်ယာဉ်တွေကို အသုံးပြုနေတာ ကြာပြီလို့လည်း ပြောဆိုခဲ့ပါတယ်။
နိုင်ငံတစ်ဝန်းလေကြောင်းတိုက်ခိုက်မှု မြင့်တက်လာချိန်၊ စစ်ကောင်စီဆီကို စစ်လက်နက်တွေ ပိတ်ဆို့ဖြတ်ဖို့ နိုင်ငံတကာမှာ ဖိအားပေးပြောဆိုနေကြချိန် စစ်ခေါင်းဆောင်က အခုလို ပြောဆိုလာတာတာလည်းဖြစ်ပါတယ်။ ယခုသီတင်းပတ်အတွင်းမှာ လည်း တအာင်းတပ် ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲမြို့နယ်တွေမှာ လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေ သလို မန္တလေး၊ ကရင်နီ၊ ရခိုင်၊ ပဲခူး၊ စစ်ကိုင်း၊ မကွေး စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာလည်း လေယာဉ်နဲ့ ဗုံးကြဲနေလို့ အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။
……………………………………..
ထိန်းချုပ်နယ်မြေမှာ ဘေးကင်းဆေးရုံတွေဆောက်နေတယ်လို့ NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေတွေမှာ ဘေးကင်းလုံခြုံတဲ့ဆေးရုံတွေ စတင်ဆောက်လုပ်နေပြီလို့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
စစ်ကောင်စီက ဆေးရုံ၊ ဆေးခန်းတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကြောင့် ဘေးကင်းလုံခြုံတဲ့ ဆေးရုံတွေ ဆောက်နေရတာလို့ ဆိုပါတယ်။ ဆေးရုံဆောက်ဖို့အတွက် NUG ကျန်းမာရေးဝန်ကြီးဌာနက ရန်ပုံငွေကမ်ပိန်း ပြုလုပ်ခဲ့ပြီး ရန်မှန်းထားတဲ့ ပမာဏထက် များစွာကျော်ရရှိခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် စာသင်ကျောင်းတွေ ဘေးကင်းလုံခြုံရေးအောင် လုပ်ဆောင်နေတဲ့အတွက် ကျောင်းတွေ ယာယီပိတ်ထားရပြီး စာသင်ကျောင်းတွေ ဘေးကင်းလုံခြုံအောင်လုပ်ဆောင်ဖို့အတွက်လည်း ရန်ပုံငွေကမ်ပိန်းတစ်ရပ်ကို ဆက်လက်ပြုလုပ်မယ်လို့ ဦးနေဘုန်းလတ်က ပြောဆိုပါတယ်။
……………………………………..
ဘယ်လာရုစ်ထုတ် စက်လက်နက်ဝယ်နိုင်ဖို့ စစ်ဖက်ဆက်ဆံရေး စစ်ကောင်စီတိုးမြှင့်

အာဏာရှင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဘယ်လာရုစ်ဆီကနေ စစ်လက်နက်တွေ ဝယ်ယူနိုင်ဖို့ မြန်မာစစ်ကောင်စီက စစ်ဖက်ရေးရာ ဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင်လာတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်ပါတယ်။
အာဏာသိမ်းပြီးနောက်မှာ ဘယ်လာရုစ်ထုတ် စစ်လက်နက်တွေဝယ်ယူဖို့ စစ်ကောင်စီက ဆက်ဆံရေးတိုးမြှင့်လာသလို လေကြောင်းရန်ကာကွယ်ရေးတပ်၊ လေတပ်နဲ့ ကပစ တပ်တွေက အရာရှိတွေကို ဘယ်လာရုစ်ကို သင်တန်းတက်ဖို့ စေလွှတ် တာတွေ များပြားလာတယ်လို့ ဆိုပါတယ်။ နောင်မှာလည်း လေယာဉ်၊ ရဟတ်ယာဉ်၊ လေကြောင်းရန် ကာကွယ်ရေး လက်နက်စနစ်တွေ၊ ဒရုန်းနဲ့ စစ်ဖက်နည်းပညာ ကဏ္ဍမှာ ပိုမိုပူးပေါင်းလာနိုင်တယ်လို့ MDSI က သုံးသပ်ထားပါတယ်။
မြန်မာစစ်တပ်ဟာ ၂၀၀၅ ကနေ ၂၀၁၅ ခုနှစ်အထိ ဘယ်လာရုစ်ဆီကနေ ဝေဟင်ပစ်ဒုံးလက်နက်စနစ်၊ ဝေဟင်ပစ်မှတ် ရှာဖွေရေး ရေဒါတွေနဲ့ Mi-35 ရဟတ်ယာဉ်တွေ၊ ရဟတ်ယာဉ်အပိုပစ္စည်းတွေကို ဝယ်ယူထားသလို အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း သုံးဘက်မြင်ရေဒါစနစ်တစ်စုံကို ဝယ်ထားတယ်လို့ ဆိုပါတယ်။
……………………………………..
ပို့ကုန်ရငွေ ထည့်ဖို့ကျန်တဲ့ ကုမ္ပဏီနှစ်ရာနီးပါး အမည်ပျက်စာရင်းသွင်းခံရ

ပို့ကုန်တင်ပို့ရကနေ ရရှိတဲ့ နိုင်ငံခြားငွေကို မြန်မာဘဏ်အကောင့်ထဲ ထည့်သွင်းဖို့ကျန်နေတဲ့ ကုမ္ပဏီ ၁၉၇ခုနဲ့ ကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင်တွေကို အမည်ပျက်စာရင်းသွင်းလိုက်တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ကြေညာပါတယ်။
၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ပြည့်နှစ်အတွင်း ပို့ကုန်ရငွေ ထည့်သွင်းဖို့ကျန်နေတဲ့ ကုမ္ပဏီတွေကို အရေးယူတာလို့ ဇွန်လ ၃၀ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အရေးယူခံရတဲ့ ကုမ္ပဏီတွေထဲမှာ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးချုပ်စောချုပ်သူရဲ့ ကုမ္ပဏီလည်း ပါဝင်တာတွေ့ရပါတယ်။ ကရင်နယ်ခြားစောင့်တပ်ဟာ စစ်ကောင်စီလက် အောက်ကနေ ခွဲထွက်သွားတဲ့အဖွဲ့ဖြစ်ပါတယ်။
ပို့ကုန်ရငွေတွေကို နိုင်ငံခြားငွေနဲ့ မြန်မာဘဏ်အကောင့်ထဲ ထည့်သွင်းဖို့ စစ်ကောင်စီက ၂၀၂၃ ခုနှစ်မှာ ပြဋ္ဌာန်းသတ်မှတ် ထားတာ ဖြစ်ပါတယ်။ ထည့်သွင်းဖို့ ပျက်ကွက်သူတွေကို တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့လည်း ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
……………………………………..