တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်များ မိုးရာသီဖြစ်သည့်အတွက် တုပ်ကွေးနှင့် ဖျားနာ အဖြစ်များနေပြီး ဆေးဝါးဝယ်ယူရန် ခက်ခဲနေကြောင်း စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။
လက်ရှိတွင် မိုးသည်းထန်စွာရွာသွန်းနေသဖြင့် စစ်ဘေးရှောင်များမှာ ရာသီတုပ်ကွေးနှင့် ဖျားနာသူများနေပြီး စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်မှုကြောင့် ဆေးဝါးဝယ်ယူရခက်ခဲနေကြောင်း ထုံမခါရွာနေ စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။
“ဆေးဝါးတွေက လုံးဝပြတ်လပ်နေတယ်။ အဖျား(ပျောက်)ဆေးတောင် စပ်ဆေးတွေကို ဝယ်ရခက်ခဲနေတယ်။ ဆေးကို မြို့မှာသွားဝယ်တောင် အကန့်အသတ်နဲ့ ရောင်းပေးတာမို့ ပင်ပန်း(ခက်ခဲ) တယ်” ဟု အထက်ပါစစ်ရှောင်က ပြောသည်။
တနင်္သာရီမြို့နယ်အတွင်း စစ်ဘေးရှောင်နှစ်သောင်းကျော်ရှိသည့်အနက် လူဦးရေ နှစ်ထောင်ခန့် ဖျားနာနေကြကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့အချို့ထံမှ သိရသည်။
စစ်ရှောင်များမှာ နီးစပ်ရာ တော၊ တောင်များနှင့် စစ်ဘေးလွတ်ရာ ကျေးရွာများတွင် နေထိုင်ကြရကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။
လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်း စစ်ဘေးရှောင်နေရသည့် ကျေးရွာပေါင်း ၃၀နီးပါးရှိပြီး စစ်ရှောင်နေ နှစ်သောင်းကျော်ရှိနေကြောင်း တနင်္သာရီမြို့နယ် စစ်ရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
အဆိုပါစစ်ရှောင်များ ဆေးဝါးအကူအညီလိုအပ်ပါက စစ်ရှောင်ကူညီရေးအဖွဲ့နှင့် တော်လှန်ရေးအဖွဲ့များ ရောက်လာ ချိန်မှသာ ပြသခွင့်ရကြကြောင်း၊ ထိုအဖွဲ့များတွင်လည်း ဆေးဝါးပြတ်လပ်မှုကြုံနေရကြောင်း စစ်ဘေးရှောင်ကူညီနေသူ အချို့က ဆိုသည်။
“မိုးတွင်းဆိုတော့ တုပ်ကွေးနဲ့ ဖျားတာ အဖြစ်များကြတယ်။ ငှက်ဖျားလည်းဖြစ်သူအချို့ရှိတယ်။ ဆေးတွေကလည်း လုံလောက်မှုမရှိဘူး” ဟု အထက်ပါ တနင်္သာရီမြို့နယ် စစ်ရှောင်ကူညီရေးအဖွဲ့ဝင်က ပြောသည်။
FE 5 Tanintharyi သုတေသနအဖွဲ့က ထုတ်ပြန်သည့် မေလအစီရင်ခံစာအရ တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်ဦးရေ ရှစ်သောင်းကျော်ရှိပြီး တနင်္သာရီမြို့နယ်တွင် ၁၇၅၀၀ ဦးဝန်းကျင်ရှိသည်။