BREAKING
October 20, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

July 5, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇွန် ၂၈ ရက်မှ ဇူလိုင် ၄ ရက်အထိ

ထိုင်းဝန်ကြီးချုပ် ရာထူးကနေ ဆိုင်းငံ့ခံရ

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်ဟာ ဝန်ကြီးချုပ်တာဝန်ကနေ ဆိုင်းငံ့ခံလိုက်ရပါတယ်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ ဖုန်းပြောမှတ်တမ်း ပေါက်ကြားလာမှုနဲ့ ပက်သက်လို့ အထက်လွှတ်တော်အမတ်တွေကနေ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကိုတင်သွင်း ထားကြတာပါ။

အထက်လွှတ်တော်အမတ်တွေရဲ့ စွဲချက်တွေကို လက်ခံစဉ်းစားဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သဘောတူခဲ့လို့ ဝန်ကြီးချုပ်ကို ရာထူးကနေ ဆိုင်းငံ့ထားဖို့ ဇူလိုင်လ ၁ ရက်နေ့မှာ အမိန့်ချလိုက်တာ ဖြစ်ပါတယ်။

ဖုန်းပြောမှတ်တမ်း ပေါက်ကြားလာပြီးတဲ့နောက် ထိုင်းဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ပေးဖို့ကို ပြည်သူတွေကလည်း ဆန္ဒပြနေကြတာပါ။

လက်ရှိမှာတော့ ဒုတိယဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးဝန်ကြီး Suriya Jungrungreangkit က ယာယီဝန်ကြီးချုပ်အနေနဲ့ ဆောင်ရွက်နေပါတယ်။

Ref: Khaosod

……………………………………..

အမေရိကန် လက်နက်ဖြတ်တောက်မှုကို ယူကရိန်းစိုးရိမ်

အမေရိကန်ပြည်ထောင်စုကနေ ယူကရိန်းကို လက်နက်ပေးပို့မှုအချို့ ဖြတ်တောက်လိုက်တာက စစ်ပွဲနဲ့ အကြမ်းဖက်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့ လှုံ့ဆော်သလို ဖြစ်လိမ့်မယ်လို့ ယူကရိန်းက သတိပေးလိုက်ပါတယ်။

စစ်ရေးထောက်ပံ့မှုနဲ့ အကူအညီပေးတာတွေကို ပြန်လည်သုံးသပ်လို့အပြီးမှာ အမေရိကန်ဘက်က ယူကရိန်းကို လက်နက်ထောက်ပံ့မှုအချို့ ဖြတ်တောက်လိုက်ဖို့ ဇူလိုင် ၁ ရက်နေ့က ချမှတ်ခဲ့တာပါ။

ဒီလို ရပ်တန့်ခဲ့တာဟာ အမေရိကန်ရဲ့ စစ်လက်နက်စုဆောင်းထားရှိမှု အရမ်းနည်းလာမှာကို စိုးရိမ်လို့ဆိုပြီး ပင်တဂွန်ဘက်က ပြောပါတယ်။

နှစ်နိုင်ငံအကြား ထောက်ပံ့မှု အသေးစိတ် အချက်အလက်တွေကို ရှင်းလင်းအောင် လုပ်နေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ ဆိုထားပါတယ်။

လက်နက်ပေးပို့မှု ရပ်ဆိုင်းတာ၊ ပြင်ဆင်တာနဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က တရားဝင် အကြောင်းကြားတာမျိုးတော့ မရှိသေးဘူးလို့ ယူကရိန်းဘက်က ဆိုပါတယ်။

Ref: BBC

……………………………………..

ဘာလီကျွန်းအနီး သင်္ဘောနစ်မြုပ်မှုကြောင့် လူ ၆ ဦး သေဆုံးပြီး ၂၉ ဦး ပျောက်ဆုံး

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းအနီးမှာ ခရီးသည်တင်ဆောင်လာတဲ့ ကူးတို့သင်္ဘော နစ်မြုပ်ခဲ့လို့ လူပေါင်း ၆ ဦး သေဆုံးခဲ့ပြီး ဇူလိုင် ၄ ရက်နေ့အထိ လူ ၂၉ ဦးပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ကူးတို့သင်္ဘောပေါ်မှာ လူ ၆၅ ဦးကို တင်ဆောင်လာပြီး ၃၀ ဦး အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။

သင်္ဘောဟာ ဇူလိုင် ၂ ရက်နေ့က အရှေ့ဂျာဗားပြည်နယ် ဘန်နူဝမ်ဂီဆိပ်ကမ်းကနေ ဘာလီကျွန်းကို ထွက်ခွာလာပြီးနောက် နာရီဝက်နီးပါးအကြာမှာ နစ်မြုပ်သွားခဲ့တာပါ။

သင်္ဘောမှာ ခရီးသည် ၅၃ ဦးနဲ့ အမှုထမ်း ၁၂ ဦးလိုက်ပါသွားပြီး မော်တော်ယာဉ် ၂၂ စီးကိုလည်း တင်ဆောင်ထားတယ်လို့ သိရပါတယ်။

နစ်မြုပ်တဲ့နေရာအနီးမှာ ရေစီးကြောင်းတွေနဲ့ လေပြင်းတွေကြောင့် ရှာဖွေမှု ပိုခက်ခဲနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Ref: CNN

……………………………………..

ကိုလံဘီယာမှာ ရေကြီး မြေပြိုလို့ လူ ၁ ဦး သေဆုံး

ကိုလံဘီယာနိုင်ငံအလယ်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေလျှံတက်လာမှုကြောင့် အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့ပါတယ်။

ဇူလိုင်လ ၁ ရက် အစောပိုင်းက ဗီယာဗီဆန့်စီယိုမြို့မှာ ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာပါ။

မိုးသည်းစွာရွာသွန်းပြီး ရေကြီးမှုကြောင့် နံရံတွေ၊ တံတားတွေနဲ့ လမ်းတွေ ပျက်စီးခဲ့ပြီး အခုချိန်အထိ မြေပြိုမှု ၁၀ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မြစ်ရေတွေက ရုတ်တရက် မြင့်တက်လာပြီး ကားတွေအားလုံးကို ဆွဲယူသွားခဲ့ကာ နံရံတွေလည်း ပြိုကျကုန်တယ်လို့ ဒေသခံက ဆိုပါတယ်။

မော်တော်ကားတွေရော၊ မော်တော်ဆိုင်ကယ်တွေပါ ရေနဲ့ပါသွားပြီး အားလုံးပျက်စီးကုန်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

Ref: REUTERS

……………………………………..

မက္ကဆီကိုမှာ စွန့်ပစ်အလောင်း ၃၈၀ ကျော်တွေ့

မက္ကဆီကိုနိုင်ငံ မြောက်ပိုင်းက ပုဂ္ဂလိက မီးသင်္ဂြိုဟ်စက်တခုမှာ ထုပ်ပိုးပြီး စွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၃၈၀ ကျော်ကို ရဲတပ်ဖွဲ့က ရှာတွေ့ခဲ့ပါတယ်။

မီးသင်္ဂြိုဟ်တဲ့ အဆောက်အအုံရဲ့ အခန်းအမျိုးမျိုးမှာ အစီအစဉ်တကျ မဟုတ်ဘဲ အလောင်းတွေကို စီထပ်ထားတယ်လို့ ဇူလိုင်လ ၁ ရက်နေ့က ပြောခဲ့တာပါ။

ရဲတပ်ဖွဲ့က စုစုပေါင်း ရုပ်အလောင်း ၃၈၃ လောင်း တွေ့ရှိခဲ့ပြီး အမျိုးသားအလောင်းက ၂၁၈ လောင်းနဲ့ အမျိုးသမီးအလောင်းတွေက ၁၄၉ လောင်း၊ မခွဲခြားရသေးတဲ့ အလောင်းက ၁၆ လောင်း ရှိတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ ပက်သက်လို့ လူ ၂ ဦးကို ဖမ်းဆီးလိုက်ကာ မြေမြှုပ်သင်္ဂြိုဟ်တာနဲ့ အလောင်းဖော်ယူတာ၊ လူသေအလောင်းတွေကို မသင့်မလျော်ပြုမူတာတွေနဲ့ တရားစွဲထားပါတယ်။

အချို့အလောင်းတွေကတော့ ၂ နှစ်အထိ မီးမသင်္ဂြိုဟ်ရသေးဘဲ ကြာနေပြီလို့ သိရပါတယ်။

Ref: CBS News

……………………………………..

Tesla ရှယ်ယာဈေး ၇ ရာခိုင်နှုန်း ကျဆင်း

Tesla ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းဟာ ဒုတိယ ၃ လပတ်မတိုင်မီမှာဘဲ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

အီလွန်မတ်စ်နဲ့ ထရမ့်တို့ရဲ့ ဆက်ဆံရေး တင်းမာမှုကြောင့် Tesla ရဲ့ ရှယ်ယာဈေးနှုန်းတွေဟာ ဒေါ်လာ ၃၂၃ ဒသမ ၆၃ ကနေ ဒေါ်လာ ၃၀၀ ဒသမ ၇၁ အထိ ကျဆင်းခဲ့တာပါ။

Tesla ဟာ သုံးလပတ်အတွင်း ပြီးခဲ့တဲ့နှစ်က ကားအစီးရေ ၄၄၄,၀၀၀ နီးပါး ရောင်းချခဲ့ရတာနဲ့ လက်ရှိ ကားအစီးရေ ၃၈၇,၀၀၀ ရောင်းရတာကို ယှဉ်ကြည့်ရင် ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။

အီလွန်မတ်စ်က သမ္မတ ဒေါ်နယ်ထရမ့် အဆိုပြုထားတဲ့ ဥပဒေမူကြမ်းကို ဝေဖန်ခဲ့တာကြောင့် သူတို့ ၂ ဦးကြား ဆက်ဆံရေး တင်းမာလာတာ ဖြစ်ပါတယ်။

ဥပဒေထဲမှာ ပြန်လည်အသုံးပြုနိုင်တဲ့ စွမ်းအင်ထုတ်လုပ်မှုကို လျှော့ချဖို့လည်း ပါဝင်နေပြီး Tesla ရဲ့ စွမ်းအင်နဲ့ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းတွေကို ဖိအားဖြစ်စေမှာ ဖြစ်ပါတယ်။

Ref: CNBC

……………………………………..

လီဗာပူးတိုက်စစ်မှူး ဒိုင်အိုဂို ဂျိုတာ ကားမတော်တဆဖြစ်ပြီး သေဆုံး

လီဗာပူးအသင်း တိုက်စစ်မှူး ဒိုင်အိုဂိုဂျိုတာနဲ့ ညီဖြစ်သူတို့နှစ်ဦး စပိန်နိုင်ငံ အနောက်မြောက်ပိုင်းက ဇာမိုရာမြို့အနီးမှာ ဇူလိုင်လ ၃ ရက်နေ့က ကားမတော်တဆမှုဖြစ်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။

လီဗာပူးရဲ့ ရာသီကြိုလေ့ကျင့်ရေးကိုမှီဖို့ ဖယ်ရီဆီသွားနေတဲ့အချိန် စီးလာတဲ့ကားက ဘီးပေါက်ပြီး တိမ်းမှောက်ခဲ့ကာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင် ကစားသမား ဂျိုတာဟာ ကစားသမားဘဝတစ်လျှောက် အောင်မြင်မှုများစွာ ရရှိခဲ့သူတစ်ဦးပါ။

ပေါ်တူဂီအသင်းအတွက် ၄၉ ပွဲ ကစားခွင့်ရရှိရာမှာ သွင်းဂိုး ၁၄ ဂိုး ရယူပေးနိုင်ခြင်းနဲ့အတူ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ဖလားကို နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

ဂျိုတာဟာ လီဗာပူးအသင်း နဲ့အတူ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလား နဲ့ ခရာဘောင်းဖလား တွေကို လည်း ဆွတ်ခူးရရှိခဲ့ပါသေးတယ်။

ဂျိုတာ ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက် ကမှ လက်ထပ်ထားခဲ့သူဖြစ်ပြီး ကလေး ၃ ဦးရှိပါတယ်။

Ref: CNN

……………………………………..