BREAKING
October 19, 2025

၈၆ နှစ်အရွယ်အမျိုးသမီး အသက်အကြီးဆုံး လေယာဉ်မယ် အဖြစ် ဂင်းနစ်စံချိန်တင်

July 5, 2022

လေယာဉ်မယ်အဖြစ် လုပ်သက် ၆၅ နှစ်ရှိပြီဖြစ်သော အသက် ၈၆ နှစ်အရွယ် အမျိုးသမီးကြီးသည် ကမ္ဘာ့ အသက်အကြီးဆုံး လေယာဉ်မယ်အဖြစ် ဂင်းနစ်စံချိန်တင်သွားခဲ့သည်။

ဘော်စတွန်မြို့ဒေသခံ ဘက်တီနက်ရှ် ဆိုသူ အမျိုးသမီးသည် ၁၉၅၇ ခုနှစ်တွင် Eastern Airlines တွင် စတင် အလုပ်လုပ်ခဲ့သူ ဖြစ်ပြီး နောက်ပိုင်း၌ American Airlines တွင် အလုပ်လုပ်ခဲ့သည်။

နယူးယောက်- ဘော်စတွန် – ဝါရှင်တန် လွန်းပျံပြေးဆွဲသော လေယာဉ်တွင် အများဆုံးအလုပ်လုပ်ခဲ့ပြီး ၊ ယင်းလေကြောင်းတွင် အလုပ်လုပ်ခြင်းက ညဘက်အိမ်ပြန်အိပ်နိုင်ပြီး မသန်စွမ်းသားဖြစ်သူကို ပြုစု နိုင်သောကြောင့်ဟု လေယာဉ်မယ်ကြီးက ပြောသည်။

လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေဆဲဖြစ်သော အသက်အကြီးဆုံး လေယာဉ်မယ်အဖြစ် ဘက်တီနက်ရှ် ကို ဂင်းနစ်စံချိန်က သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

“ရှင်က အရပ်အမောင်း သတ်မှတ်ထားတဲ့အတိုင်းရှိရမယ်။ ကိုယ်အလေးချိန်လည်း သတ်မှတ်ထားတဲ့ အတိုင်း ရှိရတယ်။ တယ်ခက်တဲ့ အလုပ်ပေါ့ရှင်။ တချိန်လုံး ပေါင် ချိန်နေရတယ်။ ဒီလို ဂရုစိုက်နိုင်မှလည်း လုပ်ခ လစာ ရတာကိုး” ဟု သူမ က ဆိုသည်။

လေယာဉ်မယ်အဖြစ် စတင် အလုပ်လုပ်ခဲ့စဉ်က အိမ်ထောင်မရှိသူ အပျိုဖြစ်ရမည်ဆိုသော အချက်ပါသောကြောင့် အိမ်အထိ လေကြောင်းလိုင်းက လာရောက်စစ်ဆေးဖူးကြောင်းလည်း ၎င်းက အတွေ့အကြုံဟောင်းများကို ပြောပြသည်။