BREAKING
June 6, 2025

ကျောင်းနားထားသည့် ကျောင်းသားများကို ကျောင်းပြင်ပပညာရေးစနစ်ဖြင့် သင်ကြားမည်ဟုဆို

June 5, 2025

ဓာတ်ပုံ - Dawei Watch (ပုံဟောင်း)

အာဏာသိမ်းကာလအတွင်း သုံးနှစ်ဆက်တိုက် ကျောင်းနားထားသည့် ကျောင်းသူ၊ ကျောင်းသားများကို ကျောင်းပြင်ပ ပညာရေးစနစ်ဖြင့် သင်ကြားမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးနှင့် ထားဝယ်မြို့နယ်ပညာရေးမှူးရုံးတို့ထံမှ သိရသည်။

အသက် ၁၀နှစ်မှ ၁၄နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို မူလတန်းအဆင့်သတ်မှတ်ထားပြီး ၁၈ နှစ်အရွယ်အထိကိုမူ အလယ်တန်းအဆင့် သတ်မှတ်သင်ကြားမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ်ပညာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက ပြောသည်။

မူလတန်းတွင် Grade-1 မှ Grade-3 အထိကို Level 1 ဟုသတ်မှတ်ထားပြီး Grade-4 နှင့် Grade-5 တို့ကို Level 2 ဟု သတ်မှတ်ထားကြောင်း ထားဝယ်မြို့နယ်ပညာရေးမှူးရုံး (ပညာဌာန) က တာဝန်ရှိသူ အခြားတစ်ဦးက ပြောဆိုသည်။

သို့သော် အတန်းပြီးမြောက်မှု သတ်မှတ်ချက် အသေးစိတ်တို့ကိုမူ တိတိကျကျမသိရသေးကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ကျောင်းပြင်ပပညာရေးဖြင့် သင်ကြားရန် စာရင်းပေးသွင်းထားသူ ကျောင်းသား၊ ကျောင်းသူ ၃၀၀ ခန့်ရှိကြောင်း ထားဝယ်မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

တိုင်းပညာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးကမူ ကျောင်းပြင်ပ ပညာရေးကို ဇူလိုင်လ ၁ ရက်တွင် မူလတန်းအဆင့်ကို ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး အလယ်တန်းအဆင့်ကို ဩဂုတ်လ ၁ ရက်တွင် ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း ပြောသည်။

သုံးနှစ်ဆက်တိုက် ကျောင်းနားထားပြီး ယခုနှစ်မှ ကျောင်းပြန်အပ်ထားသူများအား အခြေခံပညာသင်ကျောင်းများတွင် ကျောင်းအပ် လက်မခံဘဲ ကျောင်းပြင်ပ ပညာရေးဖြင့် သင်ကြားပေးမည်ဆိုသဖြင့် စောင့်ဆိုင်းနေသည့် မိဘများရှိကြောင်း ဝင်းဝရွာက ကျောင်းသူမိခင်တစ်ဦးက ပြောဆိုသည်။

“သမီးကိုတောင် မနှစ်ကစထားလိုက်လို့တော်သေးတယ်။ အခုက မိဘတွေလည်း တောင့်မခံနိုင်တော့ဘူးဆိုတော့ မြို့ပေါ်မှာ ကျောင်းလာထားကြတာ မနည်းဘူး။ အသက်ကြီးသွားတဲ့ ကလေးတွေကို ကျောင်းက လက်မခံဘူးပြောတယ်။ ကျောင်းပြင်ပ ပညာရေးနဲ့ သင်ပေးမယ်လို့ပြောတယ်” ဟု ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းတွင် ယခုပညာသင်နှစ်အတွက် အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ပုဂ္ဂလိက ကျောင်းများတွင် ကျောင်းအပ်နှံထားသူ တစ်သိန်းကိုးသောင်းကျော်ရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။