သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းရှိ မင်းဒပ်ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ ဇွန်လ ၅ ရက် နံနက် ၈ နာရီခွဲကျော်တွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။
မင်းဒပ်ရွာ သစ်တိုကုန်းရပ်ကွက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ရွာအနောက်ဘက်ပိုင်းသို့ ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်နှင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု မိနစ် ၃၀ ခန့်ကြာ ဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။
“ရငဲ၊ ကျွဲမင်းကုန်းရွာဘက်ကို (စစ်ကောင်စီတပ်) စစ်ကြောင်းထပ်ထိုးဖို့ လမ်းပေါက်ရှာတာထင်တယ်။ မနေ့ကတည်းက သူတို့လမ်းပေါက်ရှာနေတာ သတိထားမိတယ်” ဟု မင်းဒပ်ရွာဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။
မင်းဒပ်ရွာသို့ စစ်ကောင်စီတပ် မေလ ၂၈ရက်တွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးကာ သစ်တိုကုန်းရပ်ကွက်တွင် တပ်စွဲထားခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် ယနေ့တွင် ရွာအနောက်ဘက်ပိုင်း၌ တပ်စွဲထားပြီး နေ့လယ် ၁၂နာရီခန့်တွင် ဖမ်းဆီးထားသည့် ဒေသခံများကို ပြန်လွှတ်လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
“ပြန်လွတ်လိုက်တဲ့လူတွေကို ချောင်းဝပြင်ဘက်ကို လွှတ်ထုတ်လိုက်တယ်တဲ့၊ ဖုန်းတွေတော့ သူတို့ (စစ်ကောင်စီ တပ်သားတွေ) ယူထားဆဲလို့ပြောတယ်” ဟု အထက်ပါ မင်းဒပ်ရွာ ဒေသခံအမျိုးသားက ပြောသည်။
မင်းဒပ်ရွာဒေသခံ အမျိုးသမီးတစ်ဦးကလည်း ဖမ်းဆီးခံ ဒေသခံများကို ပြန်လည်လွတ်မြောက်လာကြောင်း ပြောဆိုသည်။
“ပြန်လွှတ်ပေးလိုက်ပြီလို့ပြောတယ်။ သူတို့နဲ့တော့ တိုက်ရိုက်အဆက်အသွယ်မရသေးဘူး။ ကျွန်မတို့လည်း တခြားရွာမှာ စစ်ရှောင်နေတာဆိုတော့။ မနက်က တိုက်ပွဲဖြစ်တာမှာ (ဖမ်းဆီးခံဒေသခံတွေ) သူတို့မှာ ထိခိုက်မှုမရှိဘူးလို့တော့ ကြားရတယ်” ဟု ၎င်းက ပြောသည်။
ပြန်လွတ်လာသည့် ဒေသခံများနှင့် အဆက်အသွယ်မရသေးသဖြင့် ဖမ်းဆီးခံထားရသူ ၂၀ ကျော်စလုံး ပြန်လွတ်လာခြင်း ရှိမရှိကိုမူ တိတိကျကျ မသိရသေးကြောင်း ဒေသခံအချို့က ဆိုသည်။
ဝင်းဝနယ်မြေရဲစခန်းမှ မင်းဒပ်ရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ဝါးရိပ်ခွန်အား ပြောက်ကျားတပ်ဖွဲ့၏ ခြေကုပ်စခန်းငယ်များကို ဝင်ရောက်စီးနင်းပြီးနောက် မင်းဒပ်ရွာသို့ ဝင်ရောက်တပ်စွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တပ်စွဲထားစဉ် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရကြောင်း ၎င်းတို့က ပြောဆိုသည်။