တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ရေးတင်းမာနေသည့် လောင်းလုံးမြို့နယ်တွင် မေလ ၃၀ ရက်နေ့မှစ၍ ယနေ့အထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေပြီး ပုံမှန်ပြန်ပေးနိုင်မည့်အချိန်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။
မေလ ၃၀ ရက်နေ့ မှစ၍ လောင်းလုံးမြို့ နှင့် လောင်းလုံးမြို့အနီးအနားရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေး တပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် လျှပ်စစ်ဝန်ထမ်းများ ရုံးကိုစွန့်ခွာထွက်ပြေးသွားခြင်းကြောင့် လောင်းလုံးမြို့ နယ်၌ရှိသော ကျေးရွာပေါင်း ၃၀ ထက်မနည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်နေခြင်းဖြစ်ကြောင်း လောင်းလုံးဒေသခံအချို့က ပြောသည်။
“တိုက်ပွဲ ဖြစ်ကတည်းကပဲ မီးရုံးတာဝန်ခံတွေ မရှိကြတော့ဘူး “ဟု ထားဝယ်ခရှိင် လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
မေလ ၃၀ ရက်နှင့် ၃၁ နေ့တို့တွင် ဖြစ်ပွားသည့် လောင်းလုံးတိုက်ပွဲ၌ လောင်းလုံးမြို့နယ် လဝကရုံးအနီး၌ ရှိသည့် စစ်ကောင်စီတပ်စခန်းလည်း တိုက်ခိုက်ခံရကြောင်း၊ ယင်းစစ်ကောင်စီစခန်းနှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် လျှပ်စစ်ဓာတ်အားခွဲစက်ရုံမှ တာဝန်ကျ ဝန်ထမ်းများမှာ ယင်းနေ့ကတည်းက ထွက်ပြေးသွားခြင်းဖြစ်ကြောင်း Dawei Watch မှ စုံစမ်းသိရှိရသည်။

ယင်းအပြင်တိုက်ပွဲအတွင်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် ထားဝယ်မြို့မှ လောင်းလုံးမြို့သို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်ကြိုးများလည်း အနည်းငယ်ထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံများကပြောသည်။
ယင်းသို့ထိခိုက်မှုကို ပြင်ဆင်ရန် ဇွန်လ ၁ ရက်နေ့တွင် ထားဝယ်ခရိုင် လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းက လာရောက်ခဲ့သေးသော်လည်း လက်နက်ကြီး ပစ်ခတ်သံများကြောင့် ပြန်သွားကြောင်း ဒေသခံများကဆိုသည်။
“အဲဒီနေ့က ကရိန်းကားနဲ့ လာကြတယ်။ ဒါပေမဲ့ လောင်းလုံးဘက်က လက်နက်ကြီးပစ်သံတွေ ဆက်ကြားနေရလို့ သူတို့ ပြန်တက်သွားတယ်”ဟု လျှပ်စစ်ရုံးနှင့်နီးစပ်သည့် ဒေသခံကပြောသည်။
ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေလုပ်ငန်းဖြစ်သည့် Petro & Trans ကုမ္ပဏီဘက်ကမူ ထားဝယ်ဓာတ်အားခွဲရုံမှ လောင်းလုံးဓာတ်အားခွဲရုံသို့ ပို့လွှတ်ထားသော ၃၃ ကေဗွီ ဓာတ်အားလိုင်းသည် လိုင်းအပြစ်ဖြစ်ပေါ်၍ ဓာတ်အား ပြတ်တောက်သွားပါသဖြင့် လိုင်းစစ်ဆေးပြီးမှ ဓာတ်အား ပြန်လည် ပို့လွှတ်နိင်မည်ဖြစ်ကြောင်း မေလ ၃၀ ရက်နေ့က ထုတ်ပြန် အသိပေးထားသည်။
ထို့ကြောင့် လောင်းလုံးမြို့ နယ်ရှိ ကျေးရွာ ပေါင်း ၃၀ ခန့်သည် မေလ ၃၀ ရက်နေ့ကတည်းကစပြီး ယနေ့အထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေခြင်းဖြစ်သည်။
လောင်းလုံးမြို့နှင့်အနီးအနားတွင် မေလ ၃၀ ရက်နေ့နှင့် ၃၁ တို့၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပြီးနောက် ယနေ့အထိစစ်ရေးတင်းမာလျက်ရှိသည်။
ယင်းကြောင့် မြို့ခံနှင့် အနီးနားကျေးရွာများမှ ဒေသခံပြည်သူများမှာ မေလ ၃၀ ရက်နေ့မှစ၍ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေကြရခြင်းသည်။