ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းရှိ တနင်္သာရီမြိူ့နယ် သိန်ခွန်းရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်ဒေသခံ အချို့ထံမှ သိရသည်။
ဇွန်လ ၄ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် သိန်ခွန်းရွာအရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေးတပ်တို့ နှစ်နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အသက် ၅၂ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“လွန်ခဲ့တဲ့နှစ်ရက်က (စကစ) အင်အား ၇၀ ထပ်ဖြည့်ပြီး စစ်ကြောင်းထိုးလာတယ်။ အရှေ့ကိုနည်းနည်း တက်လာပြီး ပစ်ခတ်မှုဖြစ်တယ်”ဟု အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
သိန်ခွန်းရွာ၏ အရှေ့ဘက်ခြမ်း(မောတောင်ဘက်)ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး သိန်ခွန်းရွာ အနောက်ဘက်ခြမ်း(ချောင်းနှစ်ပေါက်ရွာဘက်)ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဘက်က ထိခိုက်မှုမရှိသော်လည်း စစ်ကောင်စီဘက်က ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။
တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သလို ဒရုန်းများ လွှတ်တင်သည်ကို တွေ့ရကြောင်း အသက် ၂၇ နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ရွာသားတွေက ထိခိုက်မှုမရှိဘူး။ တိုက်ပွဲ ဖြစ်ပြီးချိန် သူတို့(စစ်ကောင်စီ)ဘက်က ပြန်ဆုတ်သွားပြီလို့ ကြားရတယ်”ဟု အထက်ပါအမျိုးသမီးက ဆိုသည်။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပိုင်း တနင်္သာရီ-ထုံခါ-မောတောင်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက စစ်ကောင်စီတပ်အင်အားရာချီသုံးပြီး စစ်ကြောင်းထိုးနေသဖြင့် သိန်ခွန်းရွာနှင့်အနီးဝန်းကျင် ကျေးရွာများတွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်။
ထိုသို့ လချီကြာ တိုက်ပွဲပြင်းထန်ခဲ့သည့်အတွက် ဒေသခံရွာသားများမှာ လက်ရှိအချိန်အထိ ရွာလုံးကျွတ် စစ်ဘေးရှောင်နေကြရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သားများသည် ပြန်ဆုတ်သွားပြီး သိန်ခွန်းရွာအနောက်ဘက်ခြမ်း ဝန်းကျင်တွင် ရှိနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။