BREAKING
June 6, 2025

မြန်မာအပါအဝင် ၁၂ နိုင်ငံကို အမေရိကန် ဗီဇာပိတ်

June 5, 2025

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် မြန်မာအပါအဝင် နိုင်ငံပေါင်း တစ်ဒါဇင်မှ နိုင်ငံသားများကို အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခွင့် ပိတ်ပင်သည့် အမိန့်ကို ဇွန်လ ၄ ရက်နေ့က လက်မှတ်ထိုးလိုက်သည်။

ယင်းမှာ ၎င်း၏ ပထမအကြိမ် သမ္မတသက်တမ်းအတွင်း ကျင့်သုံးခဲ့သည့် အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်သည့် မူဝါဒကို ပြန်လည်အသက်သွင်းလိုက်ခြင်းပင် ဖြစ်သည်။

အမေရိကန်သို့ ရောက်ရှိပြီးနောက် ရက်ကျော်နေထိုင်သည့် မြန်မာနိုင်ငံသားများ များပြားနေမှုကြောင့် မြန်မာပြည်ကို အမေရိကန်ပြည်ဝင်ခွင့်ပိတ်သည့် နိုင်ငံစာရင်းထဲ ထည့်သွင်းလိုက်သည်ဟု အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဆုံးဖြတ်ချက်မှာ “အန္တရာယ်ရှိသော နိုင်ငံခြားသားများ၏ရန်မှ အမေရိကန်နိုင်ငံသားများကို ကာကွယ်ရန်” အတွက် ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။

ဝင်ရောက်ခွင့်လုံးဝ ပိတ်ပင်ခံရသော နိုင်ငံများသည် “ဗီဇာဆိုင်ရာစိစစ်ခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာ အားနည်းချက်များ ရှိနေကြောင်း တွေ့ရှိရပြီး အမေရိကန်နိုင်ငံအတွက် လွန်စွာ အန္တရာယ်ရှိသည်ဟု ဆုံးဖြတ်ထားကြောင်း”လည်း ဖော်ပြထားသည်။

“အမေရိကန်ပြည်ထောင်စုနဲ့ အမေရိကန်ပြည်သူတွေရဲ့ အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့ ကျွန်တော် လုပ်ဆောင်ရမယ်” ဟု ထရမ့်က ဆိုသည်။

အဆိုပါ အမေရိကန်ပြည်ဝင်ခွင့် ပိတ်ဆို့ကန့်သတ်မှုသည် လာမည့် တနင်္လာနေ့မှ စတင်၍ အသက်ဝင်မည် ဖြစ်သည်။

ဘူရွန်ဒီ ၊ ကျူဘား ၊ လာအို ၊ ဆီယဲရားလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နှင့် ဗင်နီဇွဲလားတို့မှ ဝင်ရောက်မှုများကိုလည်း ကန့်သတ်ချက်စည်းမျဉ်းများ တိုးမြှင့်ချမှတ်သွားမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုသို့ ခရီးသွားလာခွင့် ကန့်သတ်ခံထားရသည့် နိုင်ငံပေါင်း ၁၉ နိုင်ငံအနက် ၁၀ နိုင်ငံမှာ အာဖရိကတိုက်မှ ဖြစ်သည်။ အဆိုပါ အာဖရိကတိုက်နိုင်ငံများအနက်မှ ၉ နိုင်ငံမှာ လူမည်းအာဖရိကန်အများစု နေထိုင်သည့် နိုင်ငံများ ဖြစ်သည်။

အဆိုပါ နိုင်ငံများထဲတွင် ပါဝင်သည့် ဆီရဲရာလီယွန် ၊ တိုဂို ၊ အီကွေတိုရီယယ်ဂီနီ နိုင်ငံများသည် အနောက်နိုင်ငံများသို့ ခြိမ်းခြောက်နိုင်သည့် လက်နက်ကိုင်အဖွဲ့များ မရှိသည့် နိုင်ငံများ ဖြစ်သည်။

၎င်း၏ သမ္မတပထမသက်တမ်းအတွင်းတွင်လည်း ထရမ့်သည် မူဆလင်အများစုနေထိုင်သည့် နိုင်ငံ ၇ ခုကို အမေရိကန်သို့ ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။ ယင်းနိုင်ငံတို့မှာ အီရတ် ၊ ဆီးရီးယား ၊ အီရန် ၊​ဆူဒန် ၊ လစ်ဗျား ၊​ဆိုမာလီယာနှင့် ယီမင်နိုင်ငံတို့ ဖြစ်သည်။

Source: Associated Press ၊ BBC