BREAKING
June 6, 2025

ကျားကုတ်ကျားခဲ နိုင်ငံရေးသမား

June 5, 2025

သမ္မတယွန်းဆွတ်ယိုးလ်ရဲ့ စစ်အုပ်ချုပ်ရေးအမိန့် ထွက်ပေါ်လာပြီး တောင်ကိုရီးယားလွှတ်တော်ရဲ့ ဝင်ပေါက်ကို စစ်တပ်က ပိတ်ဆို့ထားလိုက်ချိန်…။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်ညရဲ့ ဆိုးလ်မြို့ဟာ အေးစက်နေတယ်။

အသက် ၆၀ အရွယ် လွှတ်တော်အမတ်တစ်ယောက်ဟာ လွှတ်တော်အဆောက်အအုံဆီကို ကမန်းကတန်း ပြေးလာခဲ့တယ်။ သူ့ရည်ရွယ်ချက်က လွှတ်တော်ထဲကို မရမကဝင်ပြီး သမ္မတရဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို လွှတ်တော်အမတ်တွေ မဲခွဲဆုံးဖြတ်ပယ်ချဖို့ပဲ။

တချိန်တည်းမှာပဲ သူ့ဖုန်းကနေ လူမှုကွန်ရက်ပေါ် live လွှင့်ပြီး တောင်ကိုရီးယားပြည်သူတွေဆီ တိုက်ရိုက်ပန်ကြားနေခဲ့တယ်။ တိုင်းပြည်ရဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့ လွှတ်တော်မှာ သူနဲ့ အတူ လာပူးပေါင်းဖို့ ဖုန်းထဲကနေ လူထုကို တိုက်တွန်းနေခဲ့တယ်။

လမ်းမီးရောင်မှိန်ဖျော့ဖျော့အောက်မှာ သူ့ဖုန်းက တုန်ခါနေတယ်။ လွှတ်တော်ခြံစည်းရိုးပေါ် သူကျော်တက်နေတာကို သူ့ဖုန်းကနေတစ်ဆင့် မြင်နေရတယ်။

အဲဒီညမှာပဲ လွှတ်တော်ထဲ မရမက ဝင်သွားခဲ့ကြတဲ့ လွှတ်တော်အမတ်အများစုရဲ့ ကန့်ကွက်မဲဟာ သမ္မတယွန်းရဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို လည်လှီးပစ်နိုင်ခဲ့တယ်။ နောက် ၆ နာရီအကြာမှာပဲ သမ္မတရဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို အစိုးရအဖွဲ့က ပြန်ရုတ်သိမ်းလိုက်တယ်။ နောက်ပိုင်းမှာ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာတဲ့ သမ္မတယွန်းဆွတ်ယိုးလ်ကို အခြေခံဥပဒေခုံရုံးက ရာထူးကနေ ဖယ်ရှားလိုက်တယ်။

သမ္မတသစ်ရွေးချယ်ဖို့ ကြားဖြတ်ရွေးကောက်ပွဲကို ဇွန်လ ၃ ရက်နေ့မှာ ကျင်းပခဲ့တယ်။ လွှတ်တော်ခြံစည်းရိုးပေါ် ကျော်တက်ရင်း live လွှင့်ခဲ့တဲ့ လွှတ်တော်အမတ်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတသစ် ဖြစ်လာတယ်။

အဲဒီလူဟာ တောင်ကိုရီးယား အဓိကအတိုက်အခံပါတီရဲ့ ဟဲဗီးဝိတ်နိုင်ငံရေးသမား အီဂျယ်မြောင်းပဲ ဖြစ်ပါတယ်။

“အငြင်းပွားစရာကောင်းတယ် ၊ ခေါင်းမာတယ် ၊ ကျားကုတ်ကျားခဲ ဇွဲနပဲကြီးတယ်”

ဒါဟာ တောင်ကိုရီးယားသမ္မတသစ် အီဂျယ်မြောင်းရဲ့ စရိုက်လက္ခဏာကို ဖော်ပြနိုင်တဲ့ စကားလုံးတွေပဲ ဖြစ်ပါတယ်။

ဟဲဗီးဝိတ်နိုင်ငံရေးသမားကို လုပ်ကြံခြင်း

၂၀၂၄ ၊ ဇန်နဝါရီလက ဘူဆန်မြို့မှာ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် အီဂျယ်မြောင်းရဲ့ လည်ပင်းကို သူ့ကို ထောက်ခံသူ အယောင်ဆောင်ထားတဲ့ လူတစ်ယောက်က ဓားနဲ့ ထိုးလိုက်ပါတယ်။ ဒါပေမဲ့ အီဂျယ်မြောင်း မသေခဲ့ပါဘူး။ လုပ်ကြံရေးသမားက သူ့လုပ်ရပ်ရဲ့ ရည်ရွယ်ချက်ဟာ အီဂျယ်မြောင်း သမ္မတဖြစ်မလာအောင် တားဆီးဖို့ ဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

အီဂျယ်မြောင်း သမ္မတ ဖြစ်မလာအောင် သူ့ရဲ့ ဓားက မတားဆီးနိုင်ခဲ့ပါဘူး။

တရားစွဲဆိုခံရမှုတွေ ၊ နိုင်ငံရေးအရှုပ်တော်ပုံတွေ ၊ လွှတ်တော်ရှေ့က စစ်သားတွေကလည်း အီဂျယ်မြောင်း သမ္မတ ဖြစ်မလာဖို့ မဟန့်တားနိုင်ခဲ့ပါဘူး။

အီဂျယ်မြောင်းကို သမ္မတဖြစ်မလာအောင် မတားဆီးနိုင်ခဲ့တဲ့ နောက်ထပ်အရာတစ်ခုလည်း ရှိပါသေးတယ်။

အဲဒါကတော့ ဆင်းရဲနုံချာလွန်းတဲ့ သူ့ရဲ့ ငယ်ဘဝကိုယ်တိုင်ပါပဲ။

ဆင်းရဲမွဲတေမှုဟာ မကောင်းမှု မဟုတ်

၂၀၂၂ တုန်းက သူ့ရဲ့ မိန့်ခွန်းထဲမှာ အီဂျယ်မြောင်းက အခုလို ပြောခဲ့ပါတယ်။

“ဆင်းရဲမွဲတေမှုဟာ မကောင်းမှု မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်ဟာ ဆင်းရဲမွဲတေမှုကြောင့် ကိုယ်တိုင်ခံစားခဲ့ရတဲ့ မတရားမှုတွေကြောင့် ပိုနာကျင်ခဲ့ရတယ်”

တောင်ကိုရီးယားအဓိကအတိုက်အခံပါတီရဲ့ ဟဲဗီးဝိတ်နိုင်ငံရေးသမား ဖြစ်လာမယ့် အီဂျယ်မြောင်းဟာ မြောက်ဂယောင်းဆန်းပြည်နယ်၊ အန်ဒွန်းမြို့က အင်မတန် ဆင်းရဲတဲ့ မိသားစုတစ်စုမှာ မွေးဖွားခဲ့ပါတယ်။ သူ့ကို မွေးတဲ့အချိန်တုန်းက တောင်ကိုရီးယားဟာ အင်မတန် ဆင်းရဲခဲ့ပါတယ်။ မွေးကင်းစကလေး သေဆုံးမှုနှုန်းက တောင်ကိုရီးယားမှာ ကြောက်ခမန်းလိလိ မြင့်မားခဲ့ပါတယ်။ အီဂျယ်မြောင်း မွေးပြီး တစ်နှစ်ကြာတဲ့အထိ စောင့်ကြည့်ပြီးမှ သူ့မိဘတွေက သူ့အတွက် မွေးစာရင်း လုပ်ပေးခဲ့ပါတယ်။ ဒါကြောင့် ၁၉၆၃ မှာ သူ့ကို မွေးတယ်လို့ ဆိုပေမယ့် သူ့ရဲ့ မွေးရက်အမှန်ဟာ အဖြေမသိနိုင်တဲ့ ပဟေဠိလို ဖြစ်နေပါတယ်။

နင်းပြားသမ္မတ ငယ်ဘဝ

အန်ဒွန်းမြို့က အီဂျယ်မြောင်းရဲ့ ငယ်ဘဝမှာ ကျောင်းနဲ့ အိမ်နဲ့ ၅ ကီလိုမီတာဝေးတဲ့အတွက် ကျောင်းခဏခဏပျက်ခဲ့ရပါတယ်လို့ ဆိုပါတယ်။ ဆင်းရဲမွဲတေမှုကြောင့် ကျောင်းထွက်ပြီး အလုပ်လုပ်ခဲ့ရပါတယ်။ ဆယ်ကျော်သက်အစောပိုင်းနှစ်တွေမှာ အီဂျယ်မြောင်းတို့ မိသားစုဟာ ဆိုးလ်မြို့နဲ့ ကပ်နေတဲ့ ဆောင်းနမ်မြို့ကို ရွှေ့ပြောင်းခဲ့ပါတယ်။ ဆောင်းနမ်မြို့မှာ သူ့အမေနဲ့ အစ်မက အိမ်သာဆေးအလုပ်လုပ်ခဲ့ရသလို အီဂျယ်မြောင်းကိုယ်တိုင်လည်း ကလေးလုပ်သားဘဝနဲ့ စက်ရုံတွေမှာ အလုပ်ဝင်လုပ်ခဲ့ရပါတယ်။

အသက် ၁၅ နှစ်မှာ အီဂျယ်မြောင်းဟာ ဘေ့စ်ဘောလက်အိတ်ထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ အလုပ်လုပ်နေရင်း တံတောင်ဆစ်မှာ မတော်တဆ ပြင်းထန်ထိခိုက်ဒဏ်ရာ ရသွားခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက သူ့ရဲ့ ဘယ်လက်ကို ဖြောင့်ဖြောင့်တန်းတန်း ဆန့်လို့ မရတော့တာ ဒီကနေ့အထိပါပဲ။ အဲဒီသေရာပါဒဏ်ရာကြောင့်ပဲ အီဂျယ်မြောင်းဟာ စစ်မှုထမ်းတာဝန်ကနေ ကင်းလွတ်ခွင့်ရခဲ့ပါတယ်။

အီဂျယ်မြောင်းဟာ ကျောင်းမတက်ခဲ့ရတဲ့ အတန်းတွေအတွက် အရည်အချင်းစစ် စာမေးပွဲတွေကို ပြန်ဖြေခဲ့ရပါတယ်။ အလုပ်လုပ်ချိန်ပြင်ပမှာ စာလေ့လာရင်းနဲ့ အလယ်တန်းနဲ့ အထက်တန်းပညာရေးကို ပြီးဆုံးခဲ့ပါတယ်။

၁၉၈၂ မှာ အီဂျယ်မြောင်းဟာ ဆိုးလ်မြို့မှာ ရှိတဲ့ ဂျူးအန်းတက္ကသိုလ်မှာ ဥပဒေဘာသာရပ်ကို ပညာသင်ဆုနဲ့ တက်ရောက်သင်ယူခွင့် ရခဲ့ပါတယ်။ အောင်ဖို့ အင်မတန်ခက်ခဲတဲ့ ရှေ့နေစာမေးပွဲကို ၁၉၈၆ မှာ အောင်မြင်ပြီး လူ့အခွင့်အရေးရှေ့နေနဲ့ တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

“ခင်ဗျားဟာ ခင်ဗျားရဲ့ ဧည့်ခန်းနွေးနွေးထဲမှာ ထိုင်ပြီးတော့ အပြင်က အအေးဒဏ်ကြားမှာ တဆတ်ဆတ်တုန်နေတဲ့ လူတွေကို ခင်ဗျား စိတ်ပူပေးလို့ ရတယ်”

၂၀၂၂ တုန်းက AFP သတင်းဌာနနဲ့ အင်တာဗျူးမှာ အီဂျယ်မြောင်းက အခုလို ပြောခဲ့ပါတယ်။

“ဒါပေမဲ့ ခင်ဗျားဟာ သူတို့ရဲ့ နာကျင်မှုကိုတော့ ဘယ်သောအခါမှ နားလည်နိုင်မှာ မဟုတ်ဘူး”

ရှေ့နေဘဝမှာ အီဂျယ်မြောင်းဟာ စက်ရုံထဲ မတော်တဆထိခိုက်ဒဏ်ခံစားရသူတွေ ၊မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတွေကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူတွေ အပါအဝင် နင်းပြားလူတန်းစားရဲ့ အခွင့်အရေးအတွက် ခိုင်ခိုင်မာမာ ရပ်တည်သူအဖြစ် လူသိများလာခဲ့ပါတယ်။

နိုင်ငံရေးဘဝ

အမေရိကန်နိုင်ငံ ၊ မစ်ချီဂန်ပြည်နယ်တက္ကသိုလ်က တောင်ကိုရီးယားနိုင်ငံရေးကျွမ်းကျင်သူ အီမြောင်ဟီးက တောင်ကိုရီးယားသမ္မတသစ် အီဂျယ်မြောင်းနဲ့ ပတ်သက်လို့ အခုလို မှတ်ချက်ချပါတယ်။

“သူဟာ လူမှုရေးနဲ့ နိုင်ငံရေး ပင်မရေစီးကြောင်းတွေကို သဘောပေါက်နားလည်တဲ့နေရာမှာ အင်မတန် တော်တယ်။ တောင်ကိုရီးယားမှာ သူနဲ့ မျိုးဆက်တူ နိုင်ငံရေးသမားတွေကြားမှာတော့ ဒါဟာ ရှားပါးတဲ့ အရည်အသွေးတစ်ခု ဖြစ်တယ်”

အီဂျယ်မြောင်းရဲ့ နိုင်ငံရေးဘဝ ဗွေဆော်ဦးကာလတွေမှာ သူဟာ သူ့ပြိုင်ဘက်တွေကို ပြောင်ပြောင်တင်းတင်း ထိုးနှက်တိုက်ခိုက်တတ်သူအဖြစ် ဝေဖန်ခံခဲ့ရပါတယ်။

အင်မတန်ဆင်းရဲတဲ့ နင်းပြားဘဝကနေ အမြင့်ကို တက်လှမ်းလာနိုင်ခဲ့တဲ့ သူ့ဘဝဇာတ်လမ်းက အီဂျယ်မြောင်းကို တောင်ကိုရီးယား လူ့မလိုင်နိုင်ငံရေးသမားတွေနဲ့ ကွဲထွက်စေပါတယ်။

နိုင်ငံရေးသမားဘဝမှာ အီဂျယ်မြောင်းဟာ သူ့ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝဇာတ်ကြောင်းကို သူ့ကို ထောက်ခံသူများပြားလာအောင် လုပ်ဆောင်ရာမှာ အသုံးချခဲ့ပါတယ်။ အခွင့်ဆိုးခံ ၊ အဖိနှိပ်ခံတွေရဲ့ ရုန်းကန်မှုဒုက္ခတွေကို စာနာနားလည်သူအဖြစ် သူ့ကိုယ်သူ ပုံဖော်ခဲ့ပါတယ်။

“ကျွန်တော် အခုနိုင်ငံရေးလောကထဲမှာ ရှိနေရတဲ့ အကြောင်းအရင်းက ကျွန်တော် လွတ်မြောက်နိုင်ခဲ့တဲ့ ဆင်းရဲမွဲတေမှုနဲ့ မျှော်လင့်ချက်နတ္ထိတွင်းနက်ကြီးထဲမှာ ဒုက္ခခံစားနေရဆဲဖြစ်တဲ့ လူတွေကို ကူညီပေးဖို့ပဲ ဖြစ်တယ်။ မျှတတဲ့ လူ့အဖွဲ့အစည်းတစ်ခုနဲ့ မျှော်လင့်ချက်ရှိတဲ့ ကမ္ဘာတစ်ခုကို တည်ဆောက်ဖို့ ဖြစ်တယ်”

သာမန်ပြည်သူတွေဘက်က ရပ်တည်တယ် ၊ ပွင့်ပွင့်လင်းလင်း တဲ့တိုးပြောဆိုလေ့ရှိတယ် ဆိုပြီး လူသိများတဲ့ အီဂျယ်မြောင်းဟာ သူ့ရဲ့ လက်ဝဲယိမ်း နိုင်ငံရေးအမြင်ကို သူ့ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ကလေးဘဝက ပုံသွင်းပေးခဲ့တယ်လို့ မကြာခဏ ထုတ်ဖော်ပြောလေ့ရှိပါတယ်။

၂၀၀၅ ခုနှစ်မှာ အီဂျယ်မြောင်းဟာ ဒီမိုကရက်တစ်ပါတီဝင်အဖြစ်နဲ့ နိုင်ငံရေးနယ်ထဲ စဝင်လာခဲ့ပါတယ်။ နိုင်ငံရေးသမားဘဝအစမှာ ရှံးနိမ့်မှုတွေ ကြုံတွေ့ခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ သူဟာ ဆောင်းနမ်မြို့တော်ဝန်လည်း ဖြစ်လာခဲ့သလို ၊ တောင်ကိုရီးယားရဲ့ လူဦးရေအများဆုံး ဂယောင်းဂီပြည်နယ်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးလည်း ဖြစ်လာခဲ့ပါတယ်။

မြို့တော်ဝန်ဘဝမှာရော ပြည်နယ်အုပ်ချုပ်ရေးမှူးဘဝမှာပါ အီဂျယ်မြောင်းဟာ အခြေခံလူတန်းစားတွေကို ဦးစားပေးတဲ့ စီးပွားရေးမူဝါဒအတော်များများကို ချမှတ်ခဲ့ပါတယ်။

ကျောင်းယူနီဖောင်းအတွက် အစိုးရက ထောက်ပံ့ပေးတာ ၊ လူတိုင်းအတွက် အခြေခံဝင်ငွေထောက်ပံ့ကြေးကို အကန့်အသတ်နဲ့ ထုတ်ပေးခဲ့တာတွေက သူ့ကို အခြားပြည်နယ်တွေကပါ အာရုံစိုက်မိလာစေခဲ့ပါတယ်။

သူ့ရဲ့ ပြိုင်ဘက်တွေကတော့ သူ့ကို ပေါ်ပြူလစ်နိုင်ငံရေးသမားလို့ ဝေဖန်ကြပါတယ်။

မြန်မာ့အရေးနဲ့ အီဂျယ်မြောင်း

လူ့အခွင့်အရေးရှေ့နေဟောင်းတစ်ယောက်ဖြစ်တဲ့ အီဂျယ်မြောင်းရဲ့ အတိုက်အခံဘဝတုန်းက မြန်မာ့အရေး ရပ်တည်ချက်နဲ့ ပတ်သက်လို့ ဆိုးလ်တက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာနမှာ မဟာတန်းတက်ရောက်နေတဲ့ ထားဝယ်လူငယ်တစ်ယောက်က အခုလို ဆိုပါတယ်။

“သူက အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ တောင်ကိုရီးယားရောက် မြန်မာအသိုင်းအဝိုင်းနဲ့ ထဲထဲ၀င်၀င် ထိတွေ့ဆက်ဆံတာ‌တွေတင်မက ၊ သူကိုယ်တိုင်လည်း စစ်အာဏာသိမ်းမှုကို တရား၀င် ရှုတ်ချဖူးတယ်။ စစ်အာဏာရှင်ဆန့်ကျင်တဲ့ မြန်မာအသိုင်းအဝိုင်းရဲ့ လှုပ်ရှားမှုတွေ ပိုမိုလွယ်ကူအောင် ဥပဒေအရလည်း ဘောင်၀င်ပြီး အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုကို သူ့လုပ်ပိုင်ခွင့်ထဲကနေ အကျိုးဆောင်ပေးဖူးတယ်။ ပြောရရင်တော့ ဒီအတိုင်းဓါတ်ပုံရိုက်ရုံ ပါးစပ်ကနေ ရှုတ်ချပြရုံဆိုတာထက် အများကြီး ပိုခဲ့တယ်”

ကိုယ်တိုင်သမ္မတဖြစ်လာချိန် အီဂျယ်မြောင်းရဲ့ မြန်မာ့အရေး ရပ်တည်ချက်ဟာ အတိုက်အခံဘဝတုန်းကနဲ့ ထပ်တူမကျ နိုင်တော့ဘူးလို့ သူက သုံးသပ်ပါတယ်။

“လက်ရှိကိုရီးယားရောက်နေတဲ့ မြန်မာတွေကို လူသားချင်းစာနာမှု နေထိုင်ခွင့်ပေးထားတာတွေကို ဆက်လက်ခွင့်ပြုမယ် ဆိုတာမျိုးတော့ ရှိမယ်၊ ဒါပေမဲ့ မြန်မာပြည်တစ်ခုလုံးရဲ့ အရေးနဲ့ ပတ်သက်ရင် သူ့အနေနဲ့ အရင်တုန်းကလို ပွင့်ပွင့်လင်းလင်း outspoken ဖြစ်ဖို့ကတော့ တော်တော်မလွယ်ဘူး”

ဥပဒေရေးရာ ပြဿနာများ

အီဂျယ်မြောင်းဟာ အိမ်ခြံမြေစီမံကိန်းတစ်ခုနဲ့ ဆက်နွယ်တဲ့ အကျင့်ပျက်ခြစားမှု ၊ ရွေးကောက်ပွဲဥပဒေချိုးဖောက်မှု စတဲ့ စွဲချက်တွေ အပါအဝင် အမှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစွဲချက်တွေဟာ နိုင်ငံရေးအရ ရည်ရွယ်စွဲဆိုထားတာတွေ ဖြစ်တယ် ၊ သူ့မှာ အပြစ်မရှိဘူးလို့ အီဂျယ်မြောင်းဘက်က တုံ့ပြန်ထားပါတယ်။

အဲဒီစွဲချက်တွေဟာ အီဂျယ်မြောင်းအနေနဲ့ သမ္မတအဖြစ် ဝင်အရွေးခံဖို့ အရည်အချင်း မပြည့်မီလောက်အောင် ကြီးလေးတယ်လို့ သူ့ရဲ့ ပြိုင်ဘက်တွေက ဆိုပါတယ်။

အီဂျယ်မြောင်းကို စွဲဆိုထားတဲ့ အမှုတွေရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေကို သမ္မတရဲ့ အပြစ်ဒဏ်ကင်းလွတ်ခွင့်အရ သူ့ရဲ့ သမ္မတသက်တမ်းကုန်ဆုံးချိန်အထိ ဆိုင်းငံ့ထားဖို့ ရှိတယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

တကယ်လို့ သမ္မတအီဂျယ်မြောင်းမှာ အပြစ်ရှိကြောင်း စီရင်ချက်ချခဲ့ရင် ပုဒ်မ ၈၄ နဲ့ ပတ်သက်လို့ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုကြီးတစ်ခု ထွက်ပေါ်လာနိုင်ပါတယ်။

အခြေခံဥပဒေ ပုဒ်မ ၈၄ ဟာ အာဏာရှိနေဆဲသမ္မတကို နိုင်ငံတော်ပုန်ကန်မှုနဲ့ နိုင်ငံတော်သစ္စာဖောက်မှုကလွဲရင် ကျန်တဲ့ရာဇဝတ်မှုစွဲချက်အားလုံးကနေ အကာအကွယ်ပေးထားတဲ့ ပုဒ်မ ဖြစ်ပါတယ်။

သမ္မတသစ်အတွက် စိန်ခေါ်မှုများ

သမ္မတတစ်ယောက်အနေနဲ့ အီဂျယ်မြောင်းဟာ စီးပွားရေးကို ဦးစားပေးမြှင့်တင်မယ်လို့ ကတိပြုထားပါတယ်။ ဉာဏ်ရည်တု(AI) နည်းပညာမှာ တိုးမြှင့်ရင်းနှီးမြှုပ်နှံမယ်။ အလုပ်လုပ်နေသူတွေအတွက် တစ်ပတ်မှာ လေးရက်နဲ့ နေ့တစ်ဝက်သာ အလုပ်လုပ်ရမယ့် အစီအစဉ်ကို မိတ်ဆက်မယ် ၊ မိသားစုတွေမှာ သားသမီးအရေအတွက်ပေါ်မူတည်ပြီး အခွန်လျှော့ချပေးမယ်လို့ ကတိပြုထားပါတယ်။

နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပြန်ကောင်းလာအောင် ကြိုးစားမယ်လို့ ကတိပြုထားပါတယ်။ ဒီမိုကရက်တစ်ပါတီရဲ့ အစဉ်အလာရပ်တည်ချက်အတိုင်း မြောက်ကိုရီးယားရဲ့ အဏုမြူလက်နက် အလုံးစုံဖျက်သိမ်းရေးကိုလည်း တွန်းအားပေးသွားမယ်လို့ သူက ဆိုပါတယ်။ တရုတ်နဲ့ ရုရှားကို ရန်ဘက်မဖြစ်စေဘဲ အမေရိကန် – တောင်ကိုရီးယား စစ်ရေးမဟာမိတ်ဆက်ဆံရေးကို ထိန်းသိမ်းသွားမယ်လို့လည်း ဆိုပါတယ်။

သမ္မတအီဂျယ်မြောင်းရဲ့ ဒီမိုကရက်တစ်ပါတီဟာ လွှတ်တော်ထက်မှာ အများစု အနိုင်ရထားပါတယ်။ ဒါပေမဲ့ အီဂျယ်မြောင်းဟာ သမ္မတဟောင်း ယွန်းဆွတ်ယိုးလ် အဖြုတ်ချခံလိုက်ရပြီးကတည်းက အကွဲအပြဲပြင်းထန်နေတဲ့ တောင်ကိုရီးယားနိုင်ငံကို ဦးဆောင်ရမယ့် စိန်ခေါ်မှု ရှိနေပါတယ်။

ဂါဇာစစ်ပွဲ ၊ ယူကရိန်းစစ်ပွဲအပြင် အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုတွေ ၊ နိုင်ငံတကာကုန်သွယ်ရေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုင်လှုပ်လိုက်တာရဲ့ အကျိုးဆက်ဒဏ်ခံစားနေရတဲ့ လက်ရှိကမ္ဘာ့အခြေအနေတွေကိုလည်း သမ္မတအီဂျယ်မြောင်း ရင်ဆိုင်ရမှာပါ။

တောင်ကိုရီးယားနိုင်ငံရေးကျွမ်းကျင်သူ ပါမောက္ခအီမြောင်ဟီးကတော့ တောင်ကိုရီးယားသမ္မတသစ်ရဲ့ အဓိကစိန်ခေါ်မှုနဲ့ ပတ်သက်လို့ အခုလိုပဲ မှတ်ချက်ချခဲ့ပါတယ်။

“ကိုရီးယားနိုင်ငံရေးအခင်းအကျင်းက အတော်လေးကို အကွဲအပြဲ ပြင်းထန်နေတယ်။ ဒါကို ကိုင်တွယ်နိုင်စွမ်း ရှိမရှိဆိုတာက သမ္မတအီဂျယ်မြောင်းရဲ့ အောင်မြင်မှုအတွက် အင်မတန် အရေးပါလိမ့်မယ်”

ဈာန်ဟိန်း

Ref: Al Jazeera, The Loop, France 24, The Loop, The Korea Times