အရက်အတန်ကြာပိတ်မိပြီး ဖြတ်သန်းခွင့်မရဘဲဖြစ်နေသည့် မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်း ပြန်လည်သွားလာ၍ ရနေပြီဟု ပြောဆိုမှုများရှိသော်လည်း ခရီးသည်တင်ကားများ ပြေးဆွဲခြင်း မရှိသေးကြောင်း ကားဂိတ်အချို့ထံမှ စုံစမ်းသိရှိရသည်။
မြိတ်-ထားဝယ်လမ်းပိုင်း ယနေ့ ပြန်ဖွင့်ပြီဖြစ်ကြောင်း Facebook ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားနေကြသည်။
ယနေ့ မေလ ၅ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် မြိတ်မြို့နှင့် ထားဝယ်မြို့ရှိ ခရီးသည်တင်ကားဂိတ် လေးဂိတ်ကို ဆက်သွယ် မေးမြန်းကြည့်ရာ မြိတ်-ထားဝယ်ခရီးစဉ်အား ပြေးဆွဲခြင်းမရှိသေးဘဲ အခြေအနေစောင့်ကြည့်နေဆဲသာ ဖြစ်ကြောင်း အဆိုပါဂိတ်များထံမှ သိရသည်။
“ကားလမ်းက ဒီနေ့မှ ရုတ်တရက် စဖွင့်တယ်ဆိုပြီးပြောလာကြတော့ မသွားကြသေးဘူး။ အခြားဂိတ်တွေရော မသွားကြ သေးဘူး။ အခြေအနေစောင့်ကြည့်နေကြသေးတယ်” ဟု မြိတ်မြို့ ခရီးသည်တင်ကားဂိတ် တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြိတ်-ထားဝယ်ကားလမ်း ယနေ့ပြန်ဖွင့်သည်ဟု ပြောဆိုမှုများရှိသော်လည်း အတည်မပြုနိုင်သေးသဖြင့် ယနေ့ ခရီးသည်တင်ကား မပြေးဆွဲသေးကြောင်း ထားဝယ်မြို့ရှိ ကားဂိတ်တာဝန်ခံတစ်ဦးက ဆိုသည်။
“ဒီနေ့ကားလမ်းဖွင့်တယ်ပြောနေပေမယ့် ထားဝယ်က ဆင်းသွားတဲ့ကားတွေ မြိတ်ကို မရောက်သေးတော့ အတည်ပြုလို့ မရေးသေးဘဲ ဖြစ်နေတယ်”ဟု ၎င်းက ပြောဆိုသည်။
သရက်ချောင်းမြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးကမူ မြိတ်-ထားဝယ် သွားကားလမ်းကို စစ်ကောင်စီဘက်က ပိတ်ထားဆဲဖြစ်ကြောင်း ပြောဆိုသည်။

“အခုထိတော့ မြိတ်-ထားဝယ်သွားလို့ မရသေးဘူး။ ဝင်းဝတံတားက စစ်ကောင်စီက မဖွင့်ပေးသေးဘဲဖြစ်နေတယ်။ မြိတ်က တက်လာတဲ့ကားတွေ မင်းဒပ်(ရွာ) မှာ ပိတ်နေကြတယ်” ဟု ၎င်း သရက်ချောင်းမြို့နယ်အခြေစိုက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပြောဆိုသည်။
မြိတ်-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်း သရက်ချောင်းမြို့နယ် ဝင်းဝရဲစခန်းတိုက်ခိုက်ခံရသည့် ဧပြီလ ၁၈ ရက်နောက်ပိုင်းတွင် နှစ်ဖက်စစ်ရေးတင်မာလာသဖြင့် ထိုလမ်ပိုင်းကို ဖြတ်သန်းသွားလာမရကြတော့သည်မှာ ရက်ပေါင်း ၂၀ နီးပါး ရှိလာနေပြီဖြစ်သည်။
ကားလမ်းသွားလာ၍မရသည့် ယင်းကာလအတွင်း ခရီးသည်များမှာ မြိတ်-ထားဝယ် ခရီးစဉ်တစ်ခေါက်လျှင် အများဆုံး သုံးသိန်းကျပ်အထိ ဈေးကြီးပေးပြီး သွားလာနေကြရသည်။