မြန်မာ့ငလျင်ဘေး အမေရိကန်အကူအညီ ဒေါ်လာ ၇ သန်း ထပ်တိုး

April 5, 2025

ဓာတ်ပုံ - AFP/ Sai Aung MAIN

ငလျင်ဘေးသင့်မြန်မာပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၇ သန်းခန့် ထပ်တိုးပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ယနေ့ ထုတ်ပြန်ကြေညာသည်။

အဆိုပါ ထပ်တိုးအကူအညီတွင် အရေးပေါ်နားခိုရာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများနှင့် သောက်သုံးရေတို့ကို ပေးအပ်သွားမည် ဖြစ်ကြောင်း ဖော်ပြသည်။

ငလျင်ဘေးသင့်မြန်မာပြည်သူများအတွက် ဒေါ်လာ ၂ သန်း ထောက်ပံ့ပေးမည်ဟု အမေရိကန်အစိုးရက မတ်လ ၃၁ ရက်နေ့တွင် ကြေညာခဲ့သည်။ယခုထပ်တိုး ၇သန်း ထပ်မံထောက်ပံ့မည်ဆိုသဖြင့် စုစုပေါင်း ဒေါ်လာ ၉ သန်းအထိ ရှိလာသည်။

မြန်မာ့ငလျင်ဘေးအတွက် ချမ်းသာကြွယ်ဝသည့်နိုင်ငံများက ပိုမိုပံ့ပိုးကူညီပေးကြရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယမန်နေ့ (သောကြာနေ့) က ဆော်ဩခဲ့သည်။

သို့သော်လည်း ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှုအကူအညီအများစု၏ ဝန်ထုပ်ဝန်ပိုးကို အမေရိကန်ပြည်ထောင်စုက ဆက်လက်ထမ်းထားတော့မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့က ကမ္ဘာ့အစိုးရမဟုတ်ဘူး။ အခြားသူတွေအားလုံးလုပ်နေသလိုမျိုးပဲ လူသားချင်းစာနာမှုအကူအညီတွေကို ကျွန်တော်တို့ ပံ့ပိုးပေးမယ်။ ကျွန်တော်တို့ တတ်နိုင်သလောက် အကောင်းဆုံးလုပ်မယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာလည်း ထည့်သွင်းစဉ်းစားရမယ့် တခြားလိုအပ်ချက်တွေ ရှိသေးတယ်” ဟု ၎င်းက ဆိုသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ဒုတိယအကြိမ် တာဝန်ထမ်းဆောင်သည့်နေ့တွင်ပင် အမေရိကန်အစိုးရ၏ နိုင်ငံခြားအကူအညီအထောက်အပံ့အားလုံးကို ရက် ၉၀ ကြာ ဆိုင်းငံ့ခဲ့သည်။

အမေရိကန်အစိုးရ၏ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID)၏ အကူအညီပေးရေးအစီအစဉ် တော်တော်များများကို ရပ်ဆိုင်းလိုက်မှုကြောင့် ကမ္ဘာအနှံ့က အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာနှင့် ဆေးဝါးအထောက်အပံ့များ ထိခိုက်ရပ်ဆိုင်းသွားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှုအထောက်အပံ့အစီအစဉ်များ ဖရိုဖရဲ ဖြစ်ခဲ့သည်။

ယခင်က အမေရိကန်အစိုးရသည် ကမ္ဘာအနှံ့က ဆူနာမီ၊ ငလျင်နှင့် အခြားဘေးအန္တရာယ်ကြုံတွေ့ရသည့် နေရာများထံ ကယ်ဆယ်ရေးလုပ်သားများ မြန်မြန်ဆန်ဆန် စေလွှတ်ကာ အကူအညီပေးလေ့ရှိသည်။

ကမ္ဘာပေါ်တွင် လူသားချင်းစာနာမှုအကူအညီ အများဆုံးပေးခဲ့ဖူးသည့် အမေရိကန်အစိုးရသည် မြန်မာ့ငလျင်ဘေးအတွက် ပေးထားသည့် အကူအညီမှာ အလွန်နည်းပါးကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

မြန်မာ့ငလျင်ဘေးအတွက် အမေရိကန်အစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှု နှေးကွေးရသည်မှာ အမေရိကန်အစိုးရ၏ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID) ကို ဖျက်သိမ်းလိုက်မှုကြောင့် ဝေဖန်မှုကို မာကိုရူဘီယိုက ငြင်းဆန်ထားသည်။

မြန်မာစစ်ကောင်စီက အမေရိကန်အစိုးရကို မနှစ်မြို့ဘဲ မြန်မာနိုင်ငံတွင် အမေရိကန် လာရောက် ကူညီကယ်ဆယ်ရေးလုပ်မည်ကို ဟန့်တားနေသည်ဟု ၎င်းက ဆိုသည်။

ငလျင်ဘေးကူညီရန် အမေရိကန်ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်မှုမှာလည်း မြန်မာစစ်ကောင်စီထံမှ ဗီဇာရရန် ကြန့်ကြာနေမှုကြောင့် နှောင့်နှေးခဲ့ရသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

မြန်မာစစ်ကောင်စီသည် ၎င်းတို့ကို ဆန့်ကျင်သည့် နေရာဒေသများတွင် ငလျင်ဘေးသင့် ပြည်သူများအတွက် အရေးတကြီး လိုအပ်နေသည့် လူသားချင်းစာနာမှုအကူအညီများကို ကန့်သတ်နေကြောင်း ကုလသမဂ္ဂက ဧပြီလ ၄ရက်က ထုတ်ပြန်ခဲ့သည်။

Source: Reuters၊ U.S Embassy Rangoon