BREAKING
May 1, 2025

ရေဖြူ ဇာဒီအုပ်စုတွင် စစ်ကောင်စီစစ်ကြောင်း ဖမ်းထားသည့် ရွာသားများ ပြန်လွတ်

April 5, 2025

ပုံစာ - ဇာဒီရွာဦးစေတီအနီးမြင်ကွင်း (ပုံဟောင်း) ဓာတ်ပုံ - Kyaw Zayar Soe

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာ အုပ်စုတွင် စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးထားသည့် ရွာသားများ ယနေ့ ဧပြီလ ၅ရက် နေ့လယ်ပိုင်းတွင် ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် မတ်လ ၃၁ ရက်တွင် ဇာဒီအုပ်စုသို့ ရောက်လာခဲ့ပြီး ဇာဒီ၊ ခေါင်ပြန်၊ ဒိုက်တကော် ကျေးရွာတို့က စစ်ကြောင်းနှင့်တွေ့သည့် ရွာသားများနှင့် ကျေးရွာအတွင်းကျန်ခဲ့သည့် အသက်ကြီးပိုင်းများ၊ အမျိုးသမီး များကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ခေါင်ပြန်ရွာနှင့် ဒိုက်တကော်ရွာတို့တွင် အဖမ်းခံရသည့် ရွာသား ခြောက်ဦးနှင့် ဇာဒီရွာဒေသခံ ငါးဦးတို့ကိုမူ ဧပြီလ ၃ ရက်ကတည်းက ပြန်လွတ်လာကြောင်း ယင်းရွာသားများထံမှ သိရသည်။

ဇာဒီရွာတွင် ဒေသခံ ၁၀ ဦးထက် မနည်းဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ရွာသားတွေက အားလုံးပြန်လွတ်လာပြီ။ စစ်တပ်ကတော့ ရွာထဲ နေရာခွဲပြီး လိုက်ချထားတယ်။ ဇာဒီရွာထဲမှာ ဆက်ရှိနေသေးတယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းသည် မြေပြင်တွင် တောနင်းရှာဖွေခြင်းအပြင် လှေငယ်များဖြင့် ချောင်းကမ်းနံဘေး များတွင် လိုက်လံစစ်ဆေးရှာဖွေခြင်းလည်း ပြုလုပ်ခဲ့ကြောင်း ရွာသားများထံမှ သိရသည် ။

အဖမ်းခံရသူများ ပြန်လွတ်လာသော်လည်း စစ်ကြောင်းဆက်ရှိနေသေးသဖြင့် ဇာဒီရွာအပါအဝင် အုပ်စုအတွင်းရှိ ကျေးရွာငါးရွာထက်မနည်း နေရပ်ပြန်မရဲသေးကြောင်း ယင်းအုပ်စုရှိ ဒေသခံများကပြောသည် ။