ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်တွင် အုန်းသားခြောက် ဈေးထက်ဝက်ကျ

March 5, 2026

မြိတ်မြို့တွင် အုန်းသားခြောက်ဈေး ထက်ဝက်ကျနေပြီး တစ်ပိဿာလျှင် ကျပ်တစ်သောင်းဝန်းကျင်သာ ဈေးပေါက် နေကြောင်း အုန်းသားခြောက်လုပ်နေသူများထံမှ သိရသည်။

အုန်းဆီပြုလုပ်ရာတွင် အသုံးပြုသည့် အုန်းသားခြောက် တစ်ပိဿာဈေးနှုန်းမှာ ယမန်နှစ်က ကျပ်နှစ်သောင်းဝန်းကျင် ရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မြိတ်-ထားဝယ်လမ်းတွင် တိုက်ပွဲနှင့် စစ်ရေးတင်းမာမှုများကြောင့် သယ်ယူရခက်ခဲနေသဖြင့် အုန်းသားခြောက် ဈေးကျနေခြင်းဖြစ်ကြောင်း မြိတ်မြို့တွင် အုန်းသားခြောက်လုပ်နေသူတစ်ဦးက ဆိုသည်။

မြိတ်မြို့တွင် ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်က အုန်းသီးရှားပါးကာ ဝယ်ယူရခက်ခဲသည့်အတွက် အုန်းသီးတစ်လုံးလျှင် ကျပ် လေးထောင်အထိ ဈေးတက်ခဲ့ရာမှ ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ၁၅၀၀ ကျပ်ဝန်းကျင်သာ ဈေးရှိတော့ကြောင်းအုန်းသီးကုန်သည်အချို့ထံမှ သိရသည်။

“အုန်းသီးဈေးတွေ ပြန်ကျသွားတော့ အုန်းသားခြောက်ဈေးလည်း ပြန်ကျလာတယ်ဗျ။ အရင်က လှန်းထားတဲ့ဟာတွေ ဈေးကောင်း မရတော့ဘူး။ ရန်ကုန်ကို ပို့မယ်လုပ်ထားတာ ကားလမ်းပိတ်နေတာနဲ့ ဈေးကျတာနဲ့ တိုးတော့ ဈေးကောင်း မရတော့ဘူးဗျာ” ဟု ၎င်းက ပြောသည်။

ထိုကဲ့သို့ ဈေးကျနေသဖြင့် အုန်းသားခြောက်လုပ်သူများ တွက်ခြေမကိုက်တော့ဘဲ အခက်ကြုံနေကြကြောင်း မြိတ်မြို့ ကန်ခေါင်းရပ်နေ အုန်းသားခြောက်လုပ်နေသည့် မြို့ခံတစ်ဦးက ပြောဆိုသည်။

“အုန်းသား‌‌ခြောက်ဈေးကျတော့ အုန်းသားအခြောက် မလှန်းတော့ဘူး။ အထက် (တိုင်းပြင်ပ) ဘက်ကို ပို့ရတာလည်း ခရီးကြန့်ကြာတာနဲ့ တော်တော်စိတ်ညစ်ရတယ်။ အခုဈေးနှုန်းနဲ့ဆို စရိတ်စကနဲ့ တွက်ရင် ဘာမှမကျန်ဘူး” ဟု ၎င်းက ပြောသည်။

အုန်းသီး ၁၀ လုံးနီးပါးကို အခြောက်လှန်းပါက အုန်းသားခြောက် တစ်ပိဿာခန့် ရလေ့ရှိကြောင်း အုန်းသားခြောက်လုပ်နေသူများထံမှ သိရသည်။

မြိတ်မြို့တွင် အုန်းသားခြောက်ကို ဒေသတွင်းမှာပင် အုန်းဆီပြုလုပ်သူများရှိသလို တိုင်းပြင်ပရှိ မြို့ကြီးများကိုလည်း တင်ပို့ရောင်းချကြသည်။