အက်ရှင်ကားတွေထဲမှာ တွေ့မြင်ရတဲ့ မြင်ကွင်းမျိုး ထားဝယ်က စာသင်ကျောင်းထဲမှာ တွေ့နိုင်ပါပြီ။
ထားဝယ်မြို့ အထက်တန်းကျောင်းတစ်ခုရဲ့ အိမ်သာအရှေ့မှာ အဖြူအစိမ်းဝတ် ကျောင်းသားတစ်ယောက်က အခြားကျောင်းသားတစ်ယောက်ကို သေနတ်နဲ့ချိန်ပြီး ဒူးထောက်တောင်းပန်ခိုင်းနေတာပါ။
ဒါက အာဏာသိမ်းပြီး ၄ နှစ်ကျော်လောက်ကစပြီး ထားဝယ်မြို့ပေါ်က စာသင်ကျောင်းတွေမှာ တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေတွလို့ မောင်ဖြိုးက ဆိုလိုက်ပါတယ်။
ဒီမြင်ကွင်းမျိုးက သူ့အတွက်အထူးအဆန်းမဟုတ် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာပါ လို့လည်း ဆိုပါတယ်။
နယ်ကျေးရွာတွေရဲ့ မတည်ငြိမ်မှုတွေကြောင့် ပညာသင်ဖို့အတွက် ၂၀၂၅ ခုနှစ်မှာ ထားဝယ်မြို့ပေါ်ကို အားကိုးတကြီး ပြောင်းရွှေ့လာခဲ့တဲ့ မောင်ဖြိုးအတွက် မြို့ပေါ်က ကျောင်းတော်ကြီးဟာ ထင်ထားသလို လုံခြုံတဲ့နေရာ ဟုတ်မနေခဲ့ပါဘူး။
“သူတို့က ကျွန်တော်တို့ဆီမှာ ပိုက်ဆံလိုက်ချေးတယ်။ ချေးပြီးရင်လည်း ပြန်မပေးတော့ဘူး။ မပေးလို့ တောင်းရင်း ရန်ဖြစ်တော့ ကျွန်တော်တို့ကို ကျောင်းအိမ်သာရှေ့ကိုခေါ်ပြီး သေနတ်နဲ့ချိန်တယ်။ ပြီးရင် ဒူးထောက်ပြီး တောင်းပန်ခိုင်းတယ်” လို့ မောင်ဖြိုးက သူကိုယ်တိုင် အနိုင်ကျင့်ခံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြပါတယ်။
မောင်ဖြိုးဟာ ထားဝယ်မြို့ မြောင်းပုလဲရပ်ကွက် အမှတ် ၆ အထက်တန်းကျောင်းမှာ ပဉ္စမတန်းတက်နေတဲ့ ကျောင်းသားတစ်ဦးပါ။
အသက် ၁၄ နှစ် အရွယ်ရှိတဲ့ မောင်ဖြိုးဟာ တကယ်တော့ ပုံမှန်ဆိုရင် အဋ္ဌမတန်းကို ရောက်နေရမှာဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ပဋိပက္ခတွေကြောင့် ကျောင်းသုံးနှစ်နားလိုက်ရပြီး ၂၀၂၅ ခုနှစ်မှ မြို့ပေါ်ကျောင်း တက်နိုင်ခဲ့လို့ အတန်းနောက်ကျနေတာပါ။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ထားဝယ်မြို့ကနေ သူ့ဇာတိကျေးရွာကို ပြန်လာတဲ့ မောင်ဖြိုးကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဖမ်းဆီးမိသွားရာက သူ့ဖုန်းထဲမှာ ပြည်သူ့စစ်တွေနဲ့အတူတူ ကားတစ်စီးတည်းစီး၊ ယူနီဖောင်းဝတ်ပြီး လက်နက်ကိုင်ဆောင်ထားတဲ့ ပုံတွေ တွေ့ရလို့ ထိန်သိမ်းထားတာလို့ တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူက ရှင်းပြပါတယ်။
လက်နက်ကိုင်တဲ့ ကျောင်းသားတွေအကြောင်း Dawei Watch က စောင့်ကြည့်စုံစမ်းနေရင်း မောင်ဖြိုးနဲ့ တွေ့ဆုံမေးမြန်းခွင့် ရခဲ့တာလည်း ဖြစ်ပါတယ်။
စာသင်ခန်းထဲ ရောက်လာတဲ့ သေနတ်
သူတက်နေတဲ့ မြောင်းပုလဲ အထက်တန်းကျောင်းက မောင်မင်းဝဏ္ဏကျော် အပါအဝင် ဆယ်တန်းကျောင်းသား နှစ်ယောက်လည်း သူတို့လိုပဲ ကျောင်းလာတက်နေကြတာပါ။ ဒါပေမဲ့ သူတို့ရဲ့ ထူးခြားချက်က ကျောင်းလာရင် လွယ်အိတ်ထဲမှာ ပစ္စတိုသေနတ်ကို အမြဲတမ်း ထည့်ယူလာတတ်တာပါ။
“ကျောင်းကိုလာရင် လွယ်အိတ်ထဲကို သေနတ်ထည့်ပြီး ယူလာတယ်” လို့ မောင်ဖြိုးက ပြောပြပါတယ်။
ခဲတံချွန်စက်သံအစား လွယ်အိတ်ထဲက သေနတ်ကို မြင်လိုက်ရတဲ့ မောင်ဖြိုးအတွက်တော့ အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ အဲဒီသေနတ်နဲ့ ခြိမ်းခြောက်ခံရဖူးပြီးကတည်းက မောင်ဖြိုးဟာ သူတို့နဲ့ ရန်ဖြစ်ဖို့ စိတ်မကူးရဲတော့ပါဘူး။ တစ်ကျောင်းတည်းသားလည်းဖြစ် အရွယ်ချင်းကလည်း မတိမ်းမယိမ်းတွေဆိုတော့ နောက်ပိုင်း မောင်ဖြိုးလည်း မောင်မင်းဝဏ္ဏကျော်တို့နဲ့ အပေါင်းအသင်းတွေ ဖြစ်လာပါတော့တယ်။
ထားဝယ်မြို့က အမှတ် ၁၊ အမှတ် ၂ လိုမျိုး အထက်တန်းကျောင်း၊ ကိုယ်ပိုင်ကျောင်းတွေမှာ သေနတ်ကိုင်တဲ့ ကျောင်းသားတွေ ကျောင်းတိုင်းလိုလိုမှာ ရှိတယ်လို့ မောင်ဖြိုးက ပြောပါတယ်။
ထားဝယ်မြို့ မြို့သစ်ရပ်ကွက်မှာ နေထိုင်တဲ့ အလယ်တန်းကျောင်းသား မိဘတစ်ဦးကလည်း သူ့ကလေးတွေတက်နေတဲ့ ကျောင်းမှာ အလားတူ သေနတ်ကိုင်ဆောင်လာတဲ့ ကျောင်းသားတွေ ရှိတဲ့အကြောင်း ပြောဆိုပါတယ်။
“ကျွန်မတော့ အမြဲမှာနေရတယ်။ သူတို့တွေ (သေနတ်ရှိတဲ့ကျောင်းသား) နဲ့ပေါင်းရင် သတိထားဖို့၊ သူတို့ခေါ်ရင် မလိုက်ဖို့ အမြဲသတိပေးနေရတယ်” လို့ အထက်ပါ ကျောင်းသားမိခင်က ပြောဆိုပါတယ်။
အဲဒီသေနတ်ကိုင်ကျောင်းသားတွေဟာ ကျောင်းသားအချင်းချင်းကိုလည်း ခြိမ်းခြောက်အနိုင်ကျင့်ကြသလို၊ ကျောင်းက ဆရာ၊ ဆရာမတွေကိုပါ ခြိမ်းခြောက်လေ့ရှိတာပါ။
တနင်္သာရီတိုင်း ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးကို Dawei Watch က ဆက်သွယ်မေးမြန်းရာမှာတော့ တိတိပပ ငြင်းဆိုတာမျိုးတော့ မရှိခဲ့ပါဘူး။
ကျောင်းတွေမှာ သေနတ်ကိုင်တဲ့ ကျောင်းသားတွေရှိပြီး၊ အဲဒီကျောင်းသားတွေက အခြားကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေကိုပါ ခြိမ်းခြောက်လေ့ရှိတယ်ဆိုတာကို ကြားရလေ့ရှိပေမယ့် အတည်ပြုနိုင်တာမရှိဘူးလို့ ဆိုပါတယ်။ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး တိုင်ကြားလာတဲ့ အမှုမျိုးလည်း မရှိသေးဘူးလို့သာ သူကပြန်ဖြေပါတယ်။
“ဒါတွေနဲ့ ပတ်သက်ပြီး ရှိနေတယ်၊ အဲဒီလိုမျိုးကလေးတွေ (သေနတ်ကိုင်ကျောင်းသားကို ဆိုလို) ရှိနေတယ်ဆိုတာတော့ ကြားတာပေါ့ နည်းနည်း။ အရိပ်အမြွက်လောက်။ ဆရာတွေကိုတော့ ဒါတွေနဲ့ ပတ်သက်ပြီး သတိထားခိုင်းနေတာတွေ ရှိတယ်” လို့ တိုင်းပညာရေးမှူးရုံး တာဝန်ရှိသူက ဆိုပါတယ်။
ကျောင်းသားတစ်ပိုင်း ပြည်သူ့စစ်
ဒီလက်နက်ကိုင်ထားတဲ့ ကျောင်းသားလေးတွေနဲ့ ပတ်သက်ပြီး Dawei Watch က စုံစမ်းကြည့်ရာမှာတော့ သူတို့တွေဟာ အာဏာသိမ်းစစ်တပ်က ကျောထောက်နောက်ခံပေးပြီး လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီး ဒါမှမဟုတ် ပြည်သူ့စစ် အဖွဲ့ဝင်တွေဆိုတာ သိခဲ့ရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်မြို့ပေါ် အပါအဝင် တနင်္သာရီတိုင်းမှာ ပျူစောထီးခေါ် ပြည်သူ့စစ်လို့ခေါ်တဲ့ အဖွဲ့တွေ နေရာအနှံ့မှာ ပေါ်လာကြပါတယ်။
အဲဒီပျူစောထီးအဖွဲ့တွေကို စစ်အာဏာရှင်တပ်က ကျောထောက်နောက်ခံပေးထားပြီး လက်နက်လည်း တပ်ဆင်ပေးခဲ့ပါတယ်။
အစပိုင်းမှာတော့ ပျူစောထီးအဖွဲ့ဝင်တွေထဲ စစ်မှုထမ်းဟောင်းတွေ၊ မဘသ အဖွဲ့ဝင်တွေ၊ ကြံ့ခိုင်ရေးပါတီဝင်အချို့နဲ့ စစ်အာဏာရှင်တပ်ကို ထောက်ခံတဲ့ အရပ်သား လူကြီးပိုင်းတွေ ပါဝင်ကြပါတယ်။
နောက်ပိုင်းမှာတော့ အဲဒီပျူစောထီးအဖွဲ့တွေထဲ အသက်မပြည့်သေးတဲ့ ကလေးတွေ ပါဝင်လာကြပါတယ်။
အထူးသဖြင့် အဓမ္မစစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်တဲ့ ၂၀၂၄ ဧပြီလနောက်ပိုင်းကစပြီး အသက်မပြည့်သေးတဲ့ ကျောင်းသားပျူစောထီးအဖွဲ့တွေ ပေါ်လာကြတာပါ။
“မြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတွေက အခုမှ ၁၈၊ ၁၉၊ ၂၀ လေးတွေများတယ်။ သူတို့က အာဏာသိမ်းတုန်းက (၂၀၂၁ ခုနှစ်က) ဆိုရင် ကလေးတွေပဲ ရှိသေးတာ” လို့ အသက် ၃၅ နှစ်အရွယ် ထားဝယ်မြို့ခံတစ်ဦးက ဆိုပါတယ်။
ထားဝယ်မြို့မှာဆိုရင် ဌာနေပြည်သူ့စစ် (ထားဝယ်) ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့မှာဆို အထက်တန်းကျောင်းသားအရွယ် ကလေးတွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။
ထားဝယ် မြောင်းပုလဲ အမှတ် ၆ အထက်တန်းကျောင်းက မောင်မင်းဝဏ္ဏကျော်လို ကျောင်းသားတွေဟာ ဌာနေပြည်သူ့စစ် (ထားဝယ်) ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ သူတို့တတွေဟာ ကျောင်းသားတစ်ပိုင်း ပြည်သူ့စစ်တစ်ပိုင်းတွေ ဖြစ်ကြပါတယ်။
ဒါကိုကြည့်ရင် စစ်အာဏာရှင်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ထားဝယ်မြို့ပေါ်က ပြည်သူ့စစ်အဖွဲ့ထဲ အသက်မပြည့်သေးတဲ့ အထက်တန်းကျောင်းသားတွေ ပါဝင်နေတယ်ဆိုတာ တွေ့ရပါတယ်။
အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို လက်နက်တပ်ဆင်ပေးပြီး ပဋိပက္ခတွေထဲ ဆွဲသွင်းတာဟာ နိုင်ငံတကာဥပဒေတွေအရ စစ်ရာဇဝတ်မှု မြောက်ပါတယ်။ စစ်အာဏာရှင်တပ်ဟာ သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် ကလေးတွေရဲ့ အနာဂတ်ကို ပြောင်ပြောင်တင်းတင်း စတေးပစ်လိုက်တာလို့ ဆိုရမှာပါ။
တနင်္သာရီတိုင်း ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးကတော့ ကျောင်းသားတွေ ပြည်သူ့စစ်အဖွဲ့ထဲ ပါဝင်နေတာမျိုး ရှိ၊ မရှိကို စစ်ဆေးပြီး မိဘတွေနဲ့ရော တာဝန်ရှိတဲ့သူတွေနဲ့ပါ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
“ကျောင်းသားတွေ (ပြည်သူ့စစ်အဖွဲ့ထဲ) ပါနေတာရှိလားဆိုတာ သေချာအောင်တော့ စနည်းနာကြည့်ရမယ်” လို့ သူက ဆိုပါတယ်။
အထက်တန်းကျောင်းသားအရွယ် ကလေးတွေဟာ မြို့ထဲ ကင်းလှည့်တာ၊ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေနဲ့ မြို့နဲ့မလှမ်းမကမ်းက စစ်ဆေးရေးဂိတ်တွေမှာ အစောင့်အနေနဲ့ လုပ်ရတာတွေ လုပ်ရသလို၊ မြို့ထဲက စစ်ကောင်စီလူကြီး ခရီးစဉ်တွေမှာ လုံခြုံရေးတာဝန်တွေ ထမ်းဆောင်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
အသက် ၃၅ နှစ်အရွယ် အထက်ပါ ထားဝယ်မြို့ခံတစ်ဦးကတော့ အထက်တန်းကျောင်းသားအရွယ် ပြည်သူ့စစ်တွေဟာ တနင်္သာရီတိုင်း စစ်ကောင်စီဝန်ကြီးချုပ် ဦးမြတ်ကိုရဲ့ မြို့တွင်းခရီးစဉ်တွေမှာ လုံခြုံရေးလိုက်ပါနေတာ ခဏခဏ တွေ့ရတယ်လို့ ဆိုပါတယ်။
တကယ့်စစ်သားတစ်ယောက်လို ယူနီဖောင်းအပြည့်အစုံ၊ မျက်နှာဖုံးတွေနဲ့ လုံခြုံရေးလိုက်ပါနေတဲ့ အထက်တန်းကျောင်းသား ကလေးတွေအပေါ် အထက်ပါမြို့ခံက အခုလိုဆိုပါတယ်။
“သူတို့ကိုယ်သူတို့ သမ္မတဘေးနားမှာ လိုက်နေတဲ့ SWAT (အထူးတပ်ဖွဲ့) တွေလို နေကြတာပဲ”
အာဆီယံ ဖမ်းပွဲ
၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ မောင်ဖြိုးတစ်ယောက် မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ကျောင်းပိတ်ရက်တစ်ရက် ဘိလိယက်ခုံမှာ မောင်ဖြိုးတို့ သူငယ်ချင်းငါးယောက် ရှိနေတဲ့အချိန် ဆိုင်ထဲကို သူတို့မြောင်းပုလဲကျောင်းက ဆယ်တန်းကျောင်းသား မောင်မင်းဝဏ္ဏကျော် ရောက်လာခဲ့ပါတယ်။
မြို့ထဲမှာ တရားမဝင်ရောင်းချနေကြတဲ့ အာဆီယံဆိုင်တွေကို လိုက်ပြခိုင်းဖို့ မောင်ဖြိုးတို့ သူငယ်ချင်းတွေကို လာခေါ်တာပါ။
“မင်းတို့သိတဲ့ အာဆီယံဆိုင်တွေ လိုက်ပြဆိုပြီး လာခေါ်တာ။ ကျွန်တော်တို့လည်း ဒီအတိုင်း လိုက်ပြရမယ်ထင်ပြီး လိုက်သွားကြတယ်” လို့ မောင်ဖြိုးက ပြောပါတယ်။
တကယ်တမ်း ဆိုင်ကထွက်လာကြတော့ အာဆီယံဆိုင်ကို မဟုတ်ဘဲ မယ်ဒီလန်းဆေးရုံနားက ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး တစ်နည်းအားဖြင့် စုပေါင်းရုံးကို ရောက်သွားကြတာပါ။
တကယ်တော့ အဲဒီစုပေါင်းရုံးဟာ မောင်မင်းဝဏ္ဏကျော်တို့လို ဌာနေပြည်သူ့စစ် (ထားဝယ်) ရဲ့ ဌာနချုပ်စခန်းတစ်ခုပါ။
စခန်းရောက်ရောက်ချင်း မောင်ဖြိုးတို့ သူငယ်ချင်းငါးယောက်ကို ပြည်သူ့စစ်ယူနီဖောင်းတွေ အတင်းဝတ်ခိုင်းပြီး G3 အမျိုးအစား သေနတ်တစ်ယောက်တစ်လက်စီ ထုတ်ပေးခဲ့ပါတယ်။
မောင်ဖြိုးလည်း သူတို့ထုတ်ပေးတဲ့ ယူနီဖောင်းနဲ့ သေနတ်တွေကိုကိုင်ပြီး မောင်မင်းဝဏ္ဏကျော်တို့ကို အာဆီယံရောင်းနေတဲ့ဆိုင်ကို လိုက်လံပြသပေးခဲ့ပါတယ်။
မောင်ဖြိုးတို့ ကျောင်းသားငါးယောက်ကတော့ ကားအနောက်ခန်းမှာ ပြည်သူ့စစ်ယူနီဖောင်းတွေ၊ သေနတ်တွေ တကားကားနဲ့ မသိရင် တကယ့်ပြည်သူ့စစ်တပ်ဖွဲ့တစ်ခု မြို့ထဲ ကင်းလှည့်ထွက်လာသလိုလို ထင်ရစေပါတယ်။
နောက်ဆုံးတော့ သူတို့အဖွဲ့ဟာ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် သံတံတားအနီးမှာ တရားမဝင်ဖွင့်ထားတဲ့ အာဆီယံ အရောင်းဆိုင်တစ်ဆိုင်ရှေ့မှာ ကားရပ်လိုက်ပြီး ဆိုင်ထဲ ဝင်ရောက်စစ်ဆေးကြပါတယ်။
“ကျွန်တော်တို့က ဆိုင်အပြင်မှာ ရပ်စောင့်နေတာ။ သူ (မင်းဝဏ္ဏကျော်) က ဆိုင်ထဲဝင်သွားပြီး ပစ္စည်းတွေကို ဂုန်နီအိတ်နဲ့ထည့်ပြီး သိမ်းလာတယ်။ ဆိုင်ရှင်ကိုတော့ မဖမ်းဘူး။ ပိုက်ဆံသုံးသိန်း (ကျပ်) တောင်းလာတယ်” လို့ အဲဒီနေ့က သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို မောင်ဖြိုးက ပြန်ပြောင်းပြောပြပါတယ်။
ဒီတရားမဝင် ရောင်းချနေတဲ့ အာဆီယံဆိုင်ကို လက်နက်တွေနဲ့ စီးနင်းပြီး စစ်ဆေးဖို့အတွက် မောင်မင်းဝဏ္ဏကျော်က ဦးဆောင်ပြီး မောင်ဖြိုးက လမ်းပြအဖြစ် ဆောင်ရွက်ခဲ့တာပါ။ အဲဒီအဖွဲ့ထဲ လူခုနစ်ဦးပါပေမယ့် ကားမောင်းသမားတစ်ဦးသာ လူကြီးဖြစ်ပြီး ကျန်တဲ့သူတွေအကုန်လုံးက ပြည်သူ့စစ်တစ်ပိုင်း ကျောင်းသားတွေ ဖြစ်တယ်လို့ မောင်ဖြိုးက ပြောပါတယ်။
ကျောင်းသား၊ မူးယစ်ဆေးနဲ့ ပြည်သူ့စစ်
တကယ်တော့ ပြည်သူ့စစ်အဖွဲ့တွေဟာ မြို့ထဲ မူးယစ်ဆေးတွေ လိုက်လံဖမ်းဆီးနေပေမယ့် သူတို့ကိုယ်တိုင်ကလည်း မူးယစ်ဆေးရဲ့ သားကောင်တွေ ဖြစ်နေကြပါတယ်။
ပြည်သူ့စစ်ကလေးတွေဟာ ဘယ်ကနေ ဘယ်လိုရလာမှန်းမသိတဲ့ WY မူးယစ်ဆေးတွေ သုံးစွဲတာကိုလည်း မကြာခဏ တွေ့ရလေ့ရှိတယ်လို့ မောင်ဖြိုးက ပြောပါတယ်။ ကျောင်းချိန်မှာတော့ သုံးလေ့မရှိပေမယ့် ကျောင်းပိတ်ချိန်တွေမှာ သုံးကြတာလို့ ဆိုပါတယ်။
မောင်ဖြိုးရဲ့ အဆိုအရ သူတို့သူငယ်ချင်းတွေဖြစ်တဲ့ ပြည်သူ့စစ်တွေဟာ ကျောင်းပိတ်ရက်တွေမှာ အရပ်ဝတ်တွေနဲ့ ထားဝယ်မြို့အပြင်ဘက် အနီးဝန်းကျင် ရွာတွေဘက်ကို သွားလေ့ရှိပြီး အဲဒီကပြန်လာရင် WY ဆေးပြားတွေ ပါလာလေ့ရှိတယ်လို့ ဆိုပါတယ်။
“လောင်းလုံးဘက် မင်းရပ်လောက်အထိ သူတို့ဆင်းကြတယ်။ အဲဒီကပြန်လာရင် WY ဆေးပြားတွေနဲ့ အာဆီယံအရွက် (ဘိန်းစားရွက်) တွေ ဆင်းယူလေ့ရှိတယ်။ ဘယ်ကနေ ဝယ်လာမှန်းတော့ ကျွန်တော်လည်း မသိဘူး” လို့ မောင်ဖြိုးက ဆိုပါတယ်။
တကယ်တော့ မောင်ဖြိုးကိုယ်တိုင်လည်း မူးယစ်ဆေးသုံးစွဲသူ တစ်ယောက်ပါ။ သူကတော့ အာဆီယံကို အဓိကသောက်တဲ့သူပါ။ ဒါကြောင့်လည်း ထားဝယ်မြို့ထဲ ဘယ်နေရာတွေမှာ အာဆီယံရောင်းတဲ့ဆိုင်ရှိလဲ ဆိုတာကို သူသိနေတာပါ။
အထက်တန်းကျောင်းသားတွေ အများဆုံးသုံးကြတာကတော့ အီးစီးကရက် (E-cigarette) ပါ။ မြို့ထဲမှာ လွယ်လွယ်ကူကူ ဝယ်လို့ရပြီး ကျောင်းသားတွေတတ်နိုင်တဲ့ ဈေးလည်းဖြစ်တော့ ကျောင်းသားတွေကြားမှာ အီးစီးကရက်သောက်တာ ပိုများပါတယ်။
ထားဝယ်မြို့က ဆရာမတစ်ဦးကတော့ ကျောင်းသားတွေ WY မူးယစ်ဆေးသုံးတယ်ဆိုတာ သေချာမသိပေမယ့် ကျောင်းသားတော်တော်များများ အထူးသဖြင့် အထက်တန်းကျောင်းသားအရွယ်တွေ အီးစီးကရက်သုံးစွဲကြတာတော့ ရှိတယ်လို့ ဆိုပါတယ်။
“WY သုံးတာတော့ နောက်ကွယ်မှာ လုပ်ကြတာဖြစ်တဲ့အတွက် မသိနိုင်ဘူးရှင့်။ အီးစီးကရက်ကတော့ ကျွန်မတို့လည်း တွေ့ရင် ခဏခဏ သိမ်းနေရတယ်” လို့ ဆိုပါတယ်။
ပြည်သူ့စစ်တစ်ယောက်ဖြစ်သွားရင် သူတို့အတွက် ငွေတွင်းတွေ့သွားသလိုပဲလို့ မောင်ဖြိုးကဆိုပါတယ်။ စစ်အာဏာရှင်တပ်ကပေးတဲ့ လစာလိုမျိုး ငွေကြေးမက်လုံးတွေရသလို အာဆီယံဆိုင်လိုမျိုး ဆိုင်တွေဆီကနေ ငွေညှစ်နေတာကလည်း ငွေရတယ်လို့ ဆိုပါတယ်။
ဒါကြောင့်လည်း လွယ်လွယ်နဲ့ ပေါပေါများများရနေတဲ့ ငွေကြေးတွေနဲ့ မူးယစ်ဆေးဝါး ဝယ်ယူသုံးစွဲနေကြတာပါ။
အရာရာကို စူးစမ်းချင်နေကြတဲ့ ဆယ်ကျော်သက် ကျောင်းသားတွေကြားမှာတော့ ဒါကို အထင်ကြီးစရာတစ်ခုလိုမြင်ပြီး လက်တည့်စမ်းလာကြသူတွေ တဖြည်းဖြည်း တိုးပွားလာပါတော့တယ်။ ဒီလိုနဲ့ ကျောင်းသားထုကြားထဲ မူးယစ်ဆေးဝါးတွေ ပျံ့နှံ့လာခဲ့တာလို့ ဆိုရမှာပါ။
အသက် ၁၄ နှစ်အရွယ် ပဉ္စမတန်းကျောင်းသား မောင်ဖြိုးကတော့ ထားဝယ်မြို့မှာရှိတဲ့ အထက်တန်းကျောင်းသား အများစုဟာ WY ဒါမှမဟုတ် အာဆီယံ ဒါမှမဟုတ် အီးစီးကရက် တစ်ခုမဟုတ်တစ်ခု သုံးစွဲတဲ့သူက များတယ်လို့ ဆိုပါတယ်။
ဘောပင်ကိုင်လက်မှ သေနတ်ကိုင်လက်ဆီသို့
စုံစမ်းမေးမြန်းချက်တွေအရ အထက်တန်းကျောင်းသားလေးတွေ ပြည်သူ့စစ်ဖြစ်သွားကြတာဟာ စစ်အာဏာရှင်တပ်က ၂၀၂၄ ခုနှစ် ဧပြီလမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်တာနဲ့ တိုက်ဆိုင်နေပါတယ်။
ပြည်သူ့စစ်ထဲ ဝင်လိုက်ခြင်းအားဖြင့် အဓမ္မစစ်မှုထမ်းစုဆောင်းခံရတာကို ရှောင်ရှားနိုင်ပါတယ်။ တကယ်လို့ ဒီလိုမဟုတ်ဘဲ စစ်မှုထမ်းစုဆောင်းခံလိုက်ရရင် သူတို့တတွေဟာ စစ်သင်တန်းတွေတက်ပြီး ရှေ့တန်းစစ်မြေပြင်တွေကို အပို့ခံကြရမှာ ဖြစ်ပါတယ်။
ဌာနေပြည်သူ့စစ်ဆိုရင်တော့ စစ်သင်တန်းတက်ဖို့လည်း မလိုသလို၊ ကိုယ့်မြို့ ကိုယ့်ဒေသမှာပဲ တာဝန်ထမ်းဆောင်ရတာကြောင့် စစ်မှုထမ်းထက်စာရင် ပိုကောင်းတဲ့ ရွေးချယ်မှုလို့ ဆိုရမှာပါ။
ဒါ့အပြင် မြို့ထဲ ဦးထုပ်မပါဘဲ ဆိုင်ကယ်မောင်းလို့ရသလို၊ ညဘက် သူများတွေ အပြင်မထွက်ရဲတဲ့အချိန် သူတို့ကတော့ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘဲ လျှောက်သွားလို့ရတဲ့ အခွင့်အရေးမျိုးတွေလည်း ရနေကြသေးတာပါ။
ငွေရလွယ်တာကြောင့်လည်း ဆင်းရဲချို့တဲ့ပြီး အလုပ်မယ်မယ်ရရမရှိတဲ့ ကလေးတွေဟာ ပြည်သူ့စစ်အဖွဲ့ထဲ အလျှိုလျှို ရောက်လာကြပါတယ်။ စစ်အာဏာရှင်တပ်ကလည်း အဲဒီလမ်းကြောင်းကို တမင်ဖွင့်ပေးထားပုံရပါတယ်။
စစ်အာဏာရှင်တပ်ဟာ ဘောပင်ကိုင်ရမယ့်လက်တွေထဲ သေနတ်တွေ ထိုးအပ်လိုက်တာမျိုးပါ။
စစ်အာဏာရှင်တပ်ဟာ သူတို့အာဏာတည်မြဲဖို့အတွက်ဆိုရင် မောင်ဖြိုးတို့လို ကျောင်းသားတွေကိုလည်း ထိုးကျွေးဖို့ ဝန်မလေးဘူးဆိုတာကို ဒီအဖြစ်အပျက်တွေက သက်သေထူနေပါတယ်။
ထားဝယ်မြို့ခံ ကျောင်းဆရာတစ်ဦးကတော့ ကျောင်းသားတွေဟာ စစ်အာဏာရှင်တပ်ရဲ့ ငွေကြေးမက်လုံးတွေ၊ မူးယစ်ဆေးတွေနဲ့ မျှားခေါ်ခံထားရတဲ့ အသုံးချခံတွေ ဖြစ်နေတယ်လို့ အခုလို ပြောဆိုလိုက်ပါတယ်။
“ကလေးတွေမှာ ဘာအပြစ်မှ မရှိဘူး။ သူတို့လေးတွေကို ပြုပြင်ပေးရမယ်။ မှားနေတာရှိရင် လမ်းပြပေးရမယ်။ ကလေးတွေကို သိလျက်နဲ့ဖြစ်စေ၊ မသိဘဲဖြစ်စေ အသုံးချခံဖြစ်လို့မရဘူး”







