ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်ထောင်က လွတ်ငြိမ်းဖြင့်လွတ်လာသည့် နိုင်ကျဥ်းနှစ်ဦး စစ်မှုထမ်းဆင့်ခေါ်စာပို့ခံရ

March 5, 2026

ပုံစာ - လွတ်ငြိမ်းခွင့်ပြုသည့် မတ်လ ၂ ရက် ထားဝယ်ထောင်ရှေ့မြင်ကွင်း။ ဓာတ်ပုံ - Dawei Watch

ထားဝယ်အကျဥ်းထောင်က လွတ်ငြိမ်းဖြင့် လွတ်မြောက်လာသည့် ထားဝယ်မြို့ခံ နိုင်ငံရေးအကျဥ်းသားဟောင်းနှစ်ဦးထံ စစ်မှုထမ်းဆင့်ခေါ်စာပို့ခံရကြောင် ကာယကံရှင်များနှင့် နီးစပ်သူများထံမှ သိရသည်။

မတ်လ ၄ရက် မွန်းလွဲပိုင်း၌ ရပ်ကွက်လူကြီးကတစ်ဆင့် ဆင့်ခေါ်စာပို့ခိုင်းသည့်အပြင် စစ်အာဏာရှင်တပ်သားများက နေအိမ်များ၌ ကားဖြင့်လည်း လာရှာခဲ့သေးကြောင်း ဖြစ်စဥ်အားသိရှိသည့် ကာယကံရှင်းများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဆင့်ခေါ်စာလည်းပို့တယ်။ စစ်ကားနဲ့လည်း လာရှာသေးတယ်။ ဒါပေမဲ့ အိမ်မှာ မရှိတော့ နှစ်ယောက်စလုံး မပါသွားကြဘူး” ဟု ၎င်းက ပြောဆိုသည်။

ကာယကံရှင်များ၏ အသေးစိတ်အချက်အလက်များကို သိရှိထားသော်လည်း လုံခြုံရေးအခြေအနေအရ မဖော်ပြခြင်း ဖြစ်သည်။

မတ်လ ၃ရက်နှင့် ၄ရက်တို့တွင် ထားဝယ်ခရိုင်အတွင်းရှိ မြို့အဝင်စစ်ဆေးရေးဂိတ်နှင့် စစ်အာဏာရှင်တပ်သားများ စစ်ဆေးသည့်နေရာများ၌ လူငယ်ရှစ်ဦးထက်မနည်း ဖမ်းဆီး စစ်မှုထမ်းစုဆောင်းခံရကြောင်း Dawei Watch က စုံစမ်းသိရှိရသည်။

မတ်လ ၂ရက် တပေါင်းလပြည့်နေ့တွင် ထားဝယ်အကျဥ်းထောင်က အကျဥ်းသား၊ အကျဥ်းသူ ၁၀၈ ဦး လွတ်မြောက်လာပြီး လွတ်လာသူအများစုမှာ နိုင်ငံရေးအကျဥ်းသား ၊ အကျဥ်းသူများဖြစ်ကြောင်း ထားဝယ်ဒေသခံ နိုင်ငံရေးအကျဥ်းသားအသိုင်းအဝိုင်းထံမှ သိရသည်။